
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်
အာဏာသိမ်းစစ်အစိုးရ၏ ယာယီသမ္မတဦးမြင့်ဆွေနာရေးအတွက် လမ်းတစ်လျှောက်တွင် လူစည်ကားနေစေရန် စစ်ကော်မရှင်က နေပြည်တော်ရှိ ကျေးရွာများမှ ဒေသခံများကို လူအင်အားစုဆောင်းကာ လမ်းဘေးထွက်ရပ် ခိုင်းခဲ့ကြောင်း သိရသည်။
အသုဘကို သယ်ဆောင်လာမည့် အမှတ် ၂ စစ်ဆေးရုံမှ စစ်သင်္ချိုင်းသို့သွားသည့်လမ်းတစ်လျှောက်တွင် ကျေးရွာနေပြည်သူများက်ု ဆင့်ခေါ်စုဆောင်းထားပြီး လူအင်အား ၃၀၀၀ ခန့်ရှိကြောင်းသိရသည်။
“လူ ၃၀၀၀ မပြည့် ပြည့်အောင် ကျေးရွာအုပ်စုတိုင်းကို အစည်းအဝေးခေါ်ပြီးပြောတယ်။ လမ်းပေါ်ထွက်ရပ်ရမယ်ပြောတယ်။ ဝန်ထမ်းတွေကတော့ တူညီဝတ်စုံတွေနဲ့ ရပ်ရတယ်။ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် အစားအသောက်ပေးမယ်ပြောထားတာ ဘာမှမရပါဘူး။ နေပူထဲဒီတိုင်းထွက်ရပ်ရတာပါ”ဟု နေပြည်တော် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အသုဘပို့ရာလမ်းတစ်လျှောက် လူစည်ကားသည်ဟု အထင်ရောက်စေရန် ကျေးရွာနေပြည်သူများကို လူတစ်ဦးလျှင် ငွေကျပ်တစ်သောင်းပေးမည်ဟု လိမ် လည်ခေါ်ယူခဲ့ပြီး အမှန်တကယ်တွင် ရရှိခြင်းမရှိဘဲ ရေဘူးနှင့် တရားစာအုပ်သာပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ဈာပနဖြစ်သည့်အတွက် လူစည်ကားရမည်ဟုဆိုကာ ကျေးရွာတစ်ရွာမှ လူ ၄၀ ထွက်ရမည်ဟု အုပ်ချုပ်ရေးမှူးများမှ ဆင့်ခေါ်ခဲ့ကြောင်းသိရသည်။
” လမ်းလူကြီးတစ်ယောက်ကို လူ၂၅ ယောက်စုပေးရတယ်။ နာရေးလူစည်အောင်အတင်းလုပ်တာပေါ့ဗျာ” ဟု ပျဉ်းမနားမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြည်သူများကို ဖိအားပေးထွက်ခိုင်းသည့်အပြင် စစ်ကော်မရှင်လက်အောက်ခံ ဌာနများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကိုပါ ထွက်ခိုင်းပြီး အသုဘကားတန်းမလာမီ တစ်ရက်ကြိုတင်၍ လမ်းတစ်လျှောက်ရှိ ခြုံနွယ်များကိုရှင်းလင်းခိုင်းခြင်း၊ အမှိုက်ကောက်ခိုင်းခြင်းနှင့် တဲများကို ဖျက်ခိုင်း ပြောင်းရွှေ့ခိုင်းခြင်းများ ပြုလုပ်ရန် ညွှန်ကြားထားသည်။
အသုဘအခမ်းအနားအစီအစဉ်ကို စစ်ကော်မရှင်က ဒရုန်းဂျန်မာနှင့် ဒရုန်း Guard များကို နှစ်ဆတိုး၍ချထားပြီး လမ်းဘေးတစ်လျှောက်တွင် လက်နက်တပ်ဆင်ထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ ကင်းပုန်းများချထားကြောင်း သိရသည်။