ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်
ရခိုင်ပြည်နယ်အတွင်းရှိ သံတွဲ၊ ကျောက်တော်၊ စနဲ (ကျောက်ဖြူ)၊ ပုဏ္ဏားကျွန်းနှင့် ချင်းပြည်နယ် အတွင်းရှိ ပလက်ဝမြို့နယ်တို့မှ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေထိုင်ရာ ကျေးရွာများနှင့် စာသင်ကျောင်းများကို ရွေးတုအစိုးရစစ်တပ်က လေကြောင်းနှင့် ရေကြောင်းတို့မှ ရက်ဆက်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၁၄ ဦး သေဆုံးပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာတွင် ဗုံးအလုံးရေ ၅၀ နီးပါးအသုံးပြု၍ ၁ နာရီကျော်ကြာ ကြဲချ ခံရမှုကြောင့် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ရသည်။

ရွေးတုအစိုးရ စစ်တပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့၊ ည ၇ နာရီ ၅၇ မိနစ်မှ ၉ နာရီ ၁၅ မိနစ်အထိ ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာအနီးဝန်းကျင်သို့ ဂျက်တိုက်လေယာဉ် လေး စီး၊ Y12 တစ် စီးတို့ဖြင့် တစ်နာရီကျော်ကြာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ပေါင် ၅၀၀၊ ၃၀၀၊ ၂၀၀ ဗုံးများ၊ ဒုံးကျည် နှင့် ဒရော့ဗုံး စုစုပေါင်း အလုံးရေ ၅၀ နီးပါး ကြဲချခဲ့၍ စစ်ဘေးရှောင် ပြည်သူများ ထိမှန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်တွင် အသက် (၃) နှစ်အရွယ် ကလေးငယ် တစ် ဦး၊ ကိုယ်ဝန် ၅ လ လွယ်ထားရသည့် အမျိုးသမီး တစ် ဦး အပါအဝင် အမျိုးသား ခြောက် ဦးနှင့် အမျိုးသမီး လေး ဦး စုစုပေါင်း ၁၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၁ ဦး ဒဏ်ရာရရှိပြီး လူနေအိမ်များလည်း ပျက်စီးခဲ့ရသည်။
ထို့အတူ ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်၊ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် သံတွဲမြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ ယခင် GTI ကျောင်းနှင့် အနီးဝန်းကျင်သို့ ရွေးတုအစိုးရစစ်တပ်က ဂျက်တိုက်လေယာဉ် နှစ် စီးဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား နှစ် ဦး သေဆုံးပြီး လေး ဦး ဒဏ်ရာရရှိခဲ့ကာ ကျောင်းဆောင်အချို့နှင့် လူနေအိမ်များ ပျက်စီးခဲ့သည်။

နိုဝင်ဘာ ၁၆ ရက်၊ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ကျောက်တော်မြို့ပေါ်ရှိ ယခင်စိုက်ပျိုးရေး သိပ္ပံကျောင်းနှင့် အနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ် သုံး စီးဖြင့် တစ်ပြိုင်နက် ဗုံးကြဲတိုက်ခိုက် ခဲ့သဖြင့် ကျောင်းဆောင်များအားလုံး လုံးဝပျက်စီးသွားခဲ့ပြီး ကျောင်းအနီးရှိ အရပ်သား သုံး ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။
အလားတူ ယင်းနေ့ နံနက် ၁ နာရီခန့်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာအနီးတစ်ဝိုက် ကို ဂျက်တိုက်လေယာဉ် ငါး စီးနှင့် Y12 လေယာဉ် တစ် စီးတို့ဖြင့် တစ်နာရီနီးပါးကြာ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်းအပြင် ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်တွင် ရေတပ်စစ်သင်္ဘောများ ပေါ်မှနေ၍ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သကဲ့သို့ နိုဝင်ဘာ ၁၅ ရက်၊ ညနေ ၃ နာရီခန့်တွင် ဒရုန်းများဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူပိုင် လူနေအိမ်အချို့ မီးလောင်ဆုံးရှုံးခဲ့ရသည်။
ဓာတ်ပုံ-AA Info Desk ၊