‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁၈ ရက်
‎​

စစ်ကိုင်းတိုင်း၊ အင်းတော်တောင်ပိုင်းမှတဆင့် ကောလင်းမြို့နယ်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည့် စစ်တပ်သည် လက်ရှိတွင် ကန့်ဘလူမြို့နယ်အတွင်းသို့ပါ ဆက်လက်ဝင်ရောက်လာပြီး စစ်ကြောင်းများ ဖြန့်ခွဲလှုပ်ရှားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
‎

အဆိုပါ စစ်ကြောင်းများသည် ဒေသတွင်းကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကိုပါ တစ်ပြိုင်နက် လုပ်ဆောင်လျက်ရှိသည်။ထို့အပြင် ဒရုန်းများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်လာကြောင်း သိရသည်။
‎

“ဒရုန်းတွေနဲ့ ကျေးရွာတွေကို ရှေ့ပြေးကင်းထောက်တယ်။ လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူနဲ့ စစ်ကြောင်းထိုးဝင်နေတာ” ဟု ဒေသခံသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎​

မဲတောင်ဘက်မှ စတင်ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းသည် ကောလင်းမြို့နယ်နှင့် ကန့်ဘလူအရှေ့ခြမ်းဒေသများအတွင်းသို့ ချဉ်းနင်းဝင်ရောက်လာခြင်း ဖြစ်သည်။ ကိုးတောင်ဘို့ကျေးရွာကို ခြေကုပ်ယူထားသည့် စစ်တပ်စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များသည် တာရွာ၊ လှည်းပွဲ၊ ကသစ်ကုန်းနှင့် ဝါးကြီးတောကျေးရွာများဘက်သို့ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ နေရာယူထားကြောင်း သိရသည်။
‎​

ထို့အပြင် ယမန်နေ့ နိုဝင်ဘာ ၁၇ ရက်၊ နံနက်ပိုင်းတွင် ညောင်ပင်သာ-သရက်ခုံသို့ ရောက်ရှိနေသည့် စစ်ကြောင်းမှာ ညနေပိုင်းတွင် ဆီဆုံ-ညောင်ဝန်းကျေးရွာသို့ ဆက်လက်ရွှေ့လျားရောက်ရှိလာခဲ့သည်။ အလားတူ ယမန်နေ့ နံနက်ပိုင်းတွင်လည်း အင်အား ၇၀ ဝန်းကျင်ဖြင့် ကသစ်ကုန်းကျေးရွာသို့ ရောက်ရှိနေသော စစ်တပ်စစ်ကြောင်းသည် နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် ဂုံညင်းရှိုကျေးရွာအတွင်းသို့ ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ဒေသခံများက ဆိုသည်။
‎​

စစ်တပ်သည် ကောလင်းနှင့် ကန့်ဘလူနယ်တွင် မြေပြင်ထိုးစစ်နှင့်အတူ လေကြောင်းတိုက်ခိုက်မှုများကိုပါ ပေါင်းစပ်အသုံးပြုလာခဲ့သည်။ နိုဝင်ဘာ ၁၇ ရက်၊ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်ကလည်း ကန့်ဘလူအရှေ့မြောက်ဘက်နှင့် ကောလင်းမြို့နယ်အစပ်တစ်နေရာသို့ တံတားဦးလေတပ်စခန်းမှ တက်လာသည့် Y-12 လေယာဉ်ဖြင့် လေကြောင်းမှ ၁၅ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
‎​

မြေပြင်စစ်ကြောင်းများ၏ အဓိကရည်မှန်းချက်မှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကို တိုက်ထုတ်ရှင်းလင်းရန်နှင့် မဟာဗျူဟာမြောက် ကားလမ်း၊ ရထားလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်အသုံးပြုနိုင်ရန် ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
‎

စစ်တပ်အနေဖြင့် ၎င်းတို့၏ လက်ရှိစစ်ရေးနှင့် အုပ်ချုပ်ရေးစွမ်းရည်အရ စစ်ကိုင်းတိုင်းတစ်ခုလုံးကို ရာခိုင်နှုန်းပြည့် ပြန်လည်ထိန်းချုပ်နိုင်ရန် ခက်ခဲနေသည့်အတွက် အဓိကကျသည့် မြို့ကြီးများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကိုသာ ဦးစားပေးစိုးမိုးကာ ထိန်းချုပ်နယ်မြေ ချဲ့ထွင်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်သည်။