နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်

ရခိုင်ပြည်နယ် (အာရက္ခဒေသ) တစ်ခုလုံးကို အလုံးစုံ ထိန်းချုပ်စိုးမိုးနိုင်ရန် အာရက္ခတပ်တော် (AA) က ကြိုးပမ်းနေသကဲ့သို့ စစ်ရေးအရ အထိနာနေသည့် အာဏာသိမ်း ရွေးတုအစိုးရကလည်း နယ်မြေ လက်မလွှတ်ရရေး လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်နေပြီး အဆိုပါအားပြိုင်မှုအပေါ် တရုတ်အပါ အဝင် အိမ်နီးချင်းနိုင်ငံများက အနီးကပ် စောင့်ကြည့်လျက်ရှိသည်။

အာရက္ခတပ်တော် (AA)သည် မြန်မာနိုင်ငံ၏ အနောက်တံခါးဟု ခေါ်ဝေါ်ကြသည့် ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစတင်၍ တကျော့ပြန်တိုက်ပွဲများ ဖော်ဆောင်၍ ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုကို သိမ်းပိုက်ခဲ့ပြီး ယခုနှစ် သုံးနှစ်ပြည့်တွင်မူ ကျန်ရှိသုံးမြို့နယ်ကို ဆက်လက်သိမ်းပိုက်၍ အာရက္ခပြည်သူများ လက်ထဲသို့ ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ပထဝီနိုင်ငံရေးအရ ဒေသတွင်း အချက်အချာကျသော အာရက္ခဒေသတွင် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသည် ၎င်းတို့၏ အကျိုးစီးပွား စီမံကိန်းများကိုသာ အဓိက အလေးထား ကြသဖြင့် စစ်ရေးအရ အသာစီးရပြီး နယ်မြေထိန်းချုပ်နိုင်မည့် အဖွဲ့အစည်းနှင့်သာ ဆက်ဆံရန် စောင့်ကြည့်နေကြောင်း အကဲ ခတ်များက ထောက်ပြသည်။

အထူးသဖြင့် အဆိုပါ ကျန်ရှိနေသည့် မြို့နယ်သုံးခုတွင် အိန္ဒိယနိုင်ငံ၏ ကုလားတန်စီမံကိန်း (စစ်တွေဆိပ်ကမ်း) နှင့် တရုတ်နိုင်ငံ၏ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတို့ တည်ရှိနေရာ AA အနေဖြင့် ထိုဒေသများကို ထိန်းချုပ်နိုင်မည်ဆိုပါက ဒေသတွင်း လုံခြုံရေးနှင့် ကုန်သွယ်ရေးအတွက် အိမ်နီးချင်းနိုင်ငံများက AA နှင့် တရားဝင်နီးပါး တိုက်ရိုက်ဆက်ဆံလာနိုင်ကြောင်း နိုင်ငံရေးအကဲခတ် ဦးလှစိုးဝေက သုံးသပ်သည်။

“အဲဒီလို မဖြစ်ရအောင် စစ်တပ် (အာဏာသိမ်း ရွေးတုအစိုးရ) ကလည်း မီးကုန်ယမ်းကုန် တိုက်မှာပဲ။ AA ကို သီးခြားနိုင်ငံအဖြစ် ခွင့်ပြုမှာ မဟုတ်တဲ့အတွက် ပြည်နယ်တစ်ခုလုံး ထိန်းချုပ်သွားနိုင်ရင်တောင်မှ ဆက်ပြီးတော့ သူတို့ တိုက်ခိုက်ဗုံးကြဲနေဦးမှာပဲ” ဟု ဦးလှစိုးဝေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အိမ်နီးချင်းနိုင်ငံများ၏ အရေးပါသော စီမံကိန်းများ တည်ရှိရာနေရာဖြစ်သဖြင့် AA အနေဖြင့် ယခုမှသာ သိမ်းပိုက်မည်ဟု တရားဝင် ထုတ်ပြန်လာခြင်းဖြစ်ပြီး ရွေးတုအစိုးရဘက်ကမူ ထိုမတိုင်ခင်ကတည်းက စစ်ရေးတိုးမြှင့် ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။

“လောလောဆယ်မှာ နေပြည်တော်ကို စစ်တပ်ဘက်ကနေ ထိန်းချုပ်ထားနိုင်တာ ရှိတဲ့အတွက်မို့ရော၊ ရခိုင်နဲ့ ဆက်စပ်နေတဲ့ အခြားအရေးကိစ္စမှာလည်း လက်တွဲပြီး လုပ်နေရတာရှိတဲ့အတွက် ဖြစ်နိုင်ရင် သူတို့ စီမံကိန်းတွေမှာ တိုက်ပွဲမဖြစ်ဖို့ ပိုပြီးလိုလားတယ်” ဟု စစ်ရေးအကဲခတ် CDM ဗိုလ်ကြီး ညီသုတက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် အာရက္ခဒေသ တစ်ခုလုံး ငြိမ်းချမ်းရေးထက် ကျောက်ဖြူစီမံကိန်း ဧရိယာတစ်ဝိုက် တိုက်ပွဲများ မဖြစ်ပွားစေရန် အထူးဇုန် (Buffer Zone) သို့မဟုတ် ယာယီ အပစ်အခတ်ရပ်စဲရေး ရရှိစေရန် နှစ်ဖက်ကြား ကြားဝင်ဖိအားပေး ညှိနှိုင်းလာနိုင်ဖွယ် ရှိနေကြောင်း အကဲခတ်များက ဆိုသည်။ သို့သော် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများကဲ့သို့ တရုတ်အစိုးရ၏ ဩဇာသက်ရောက်မှုသည် AA အပေါ် အလွန်အားနည်းသဖြင့် ရွေးတုအစိုးရအနေဖြင့် အနှေးနှင့်အမြန် ဆိုသလို ဒေသတစ်ခုလုံးကို စစ်ရှုံးအထိနာမှုများနှင့်အတူ လက်လွှတ်ရနိုင်ခြေ ရှိနေသည်။

“AA က အစောပိုင်းကတည်းကကို သူတို့ရဲ့ စစ်ဆင်ရေးတွေမှာ တရုတ်နဲ့ အိန္ဒိယ စီမံကိန်းတွေကို ဘယ်ဟာမှ မထိခိုက်စေရပါဘူးလို့ ပြောထားပါတယ်။ တကယ့်တကယ် နေရာတွေက အဝေးကြီးပါ၊ သူတို့သီးခြား လုပ်ရပါတယ်” ဟု တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော် ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ အာဏာသိမ်း ရွေးတုအစိုးရကလည်း AA ကိုသာ အဓိက တိုက်ခိုက်သွားနိုင်ပြီး နိုင်ငံခြား စီမံကိန်းများ ထိခိုက်အောင် လုပ်ဆောင်လိမ့်မည်ဟု မထင်မြင်မိကြောင်းနှင့် စီမံကိန်းများကို ကာကွယ်ရန် နေပြည်တော်သို့ တရုတ်အစိုးရဘက်က အသိပေးပြောဆိုထားကြောင်း ၎င်းက ဆက်လက် ထောက်ပြပြောဆိုသည်။

လက်ရှိတွင် မြေပြင်၊ ဝေဟင်အပြင် ရေကြောင်းမှပါ ထိုးစစ်ဆင် ကမ်းကပ်လာသော ရွေးတု အစိုးရစစ်တပ်သည် အထိနာမှုများ ကြုံနေရသဖြင့် ဒေသခံပြည်သူများကို ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်နေပြီး လာမည့်ပွင့်လင်းရာသီတွင် ပြင်းပြင်းထန်ထန် စစ်ရှိန်မြှင့်သွားရန် ပြင်ဆင်နေကြောင်း CDM အရာရှိများထံမှ သိရသည်။

“အဲဒီလိုပဲ လေကြောင်းတိုက်ခိုက် ဗုံးကြဲမှုတွေကလည်း ဒီပွင့်လင်းရာသီမှာ ပိုပြီးပြင်းပြင်းထန်ထန် လုပ်သွားဖို့ကို အစီအစဉ်တွေ ရှိထားပါတယ်။ ပြောမယ်ဆိုရင် ဒီကာလမှာ AA ဘက်က မသိမ်း နိုင်ရင်တောင် တောင့်ခံနိုင်ပြီဆိုရင် သူတို့လိုချင်တဲ့အတိုင်း ဖြစ်သွားနိုင်မယ်” ဟု လေတပ် CDM တပ်ကြပ်ကြီးဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တစ်ဖက်တွင်လည်း ရွေးတုအစိုးရစစ်တပ်သည် ၎င်းတို့ စစ်ရှုံးထားသည့်ဒေသများတွင် AA အနေဖြင့် အုပ်ချုပ်ခွင့်မရစေရန် နေ့စဉ်ဆက်တိုက် လေကြောင်းအားပြု ဗုံးကြဲတိုက်ခိုက်မှုများ ကျူးလွန်နေ ခြင်းကြောင့် ဘာသာရေး အဆောက်အအုံများ၊ လူနေအိမ်များနှင့် အရပ်သားပြည်သူများ ထိခိုက်ပျက်စီး သေဆုံးမှု များပြားလျက်ရှိသည်။

ဓာတ်ပုံ – AA