ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်
ယူကရိန်းနိုင်ငံအတွက် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တွေ လဲလှယ်ပေးဖို့နဲ့ F-16 တိုက်လေယာဉ် အစင်း ၄၀ ထပ်မံ ထောက်ပံ့ပေးဖို့ သမ္မတ ဇီလန်စကီးက အနောက်နိုင်ငံ မဟာမိတ်တွေကို တိုက်တွန်းလိုက်ပါတယ်။
နိုဝင်ဘာ ၁၇ ရက် အွန်လိုင်းဆွေးနွေးပွဲမှာ အခုလို တောင်းဆိုခဲ့တာဖြစ်ပြီး ရုရှား ဒုံးကျည်နဲ့ ဒရုန်း တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရချိန်မှာ အခုလို အကူအညီတွေ အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။
ယူကရိန်းဟာ လိုအပ်နေတဲ့ ကြားဖြတ်ဟန့်တားရေး ဒုံးကျည်များကို ချက်ချင်းရယူလိုပြီး အစားပြန်ပေးမယ့် ပိုမိုကောင်းမွန်တဲ့ ခေတ်မီဒုံးကျည်အသစ်တွေကို အပြန်အလှန် ပေးအပ်သွားမယ်လို့ ဇီလန်စကီးက ဆိုပါတယ်။
“ဒါက အလှူငွေ တောင်းတာမဟုတ်ဘဲ ဖလှယ်တာပါ” လို့ ဇီလန်စကီးက ပြောကြားခဲ့ပြီး မဟာမိတ်တွေက အခုပေးမယ့် ဒုံးကျည်တွေအတွက် ပိုကောင်းတဲ့ ဒုံးကျည်အသစ်တွေနဲ့ ပြန်ဆပ်မှာ ဖြစ်ကြောင်း ရှင်းပြပါတယ်။
လက်ရှိ တိုက်လေယာဉ်အချို့ဟာ ပျံသန်းတာထက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ အချိန်အများကြီး ကုန်ဆုံးနေရတာကြောင့် F-16 တိုက်လေယာဉ် အစင်း ၄၀ ထပ်မံဖြည့်တင်းပေးဖို့ ၎င်းက မေတ္တာရပ်ခံခဲ့ပါတယ်။
ယူကရိန်းစစ်တပ်ဟာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကတည်းက ပထမအသုတ် F-16 တိုက်လေယာဉ်တွေ လက်ခံရရှိခဲ့ပြီး ကာကွယ်ရေးနဲ့ တိုက်ခိုက်ရေး လုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံထုတ် Mirage နဲ့ ဆွီဒင်နိုင်ငံထုတ် Gripen တိုက်လေယာဉ်တွေ ရယူနိုင်ဖို့ ကြိုးပမ်းနေပြီး Mirage လေယာဉ်တွေကို အမြန်ဆုံး အသုံးပြုနိုင်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။
လေးနှစ်ကျော်ကြာ ရုရှား-ယူကရိန်း စစ်ပွဲအတွင်း အနောက်နိုင်ငံတွေရဲ့ စစ်ရေးအကူအညီ ရရှိရေးဟာ ယူကရိန်းအတွက် အသက်ရှူပေါက် တစ်ခုသဖွယ် ဆက်လက်ရှိနေပါတယ်။
ရုရှားက ယူကရိန်းမြို့ပြတွေကို ပစ်မှတ်ထားကာ ဒုံးကျည်နဲ့ ဒရုန်း တိုက်ခိုက်မှုတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေလို့ ယူကရိန်းရဲ့လို့ လေကြောင်းရန် ကာကွယ်ရေးစွမ်းရည် မြှင့်တင်ဖို့က အဓိကကျတဲ့ အရေးပေါ်ကိစ္စရပ် ဖြစ်လာပါတယ်။
မဟာမိတ်နိုင်ငံတွေနဲ့ လက်နက်ခဲယမ်း ဖလှယ်ရေးနဲ့ လေယာဉ်အစင်းရေ တိုးမြှင့်ရယူရေး အစီအစဉ်တွေဟာ ယူကရိန်းရဲ့ စစ်ရေးအရ ရပ်တည်နိုင်စွမ်းအတွက် အလွန် အရေးပါနေပါတယ်။
News: Kyiv Independent
Ref; Zelensky calls on allies to exchange missiles, provide 40 more F-16 jets for Ukraine