ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်

PDF နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက ပြည်သူများကို ဒုက္ခပေးနေသည်ဟု အရပ်သားများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်နေသည့် ရွေးတုသမ္မတက အပြစ်တင်ပြာဆိုလိုက်သည်။

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အဆောက်အအုံတွင် ရွေးတုသမ္မတ ဦးမင်းအာင်လှိုင်က ရှေ့လုပ်ငန်းစဉ်နှင့် မူဝါဒဆိုင်ရာကိစ္စများကို ယနေ့ ပြောကြားရာ၌ စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြို့ရွာများ ပျက်စီးဆုံးရှုံးမှုနှင့် အရပ်သားသေဆုံးမှု ဖြစ်စဉ်များကို ထည့်သွင်းပြောဆိုခြင်း မရှိဘဲ “အစိုးရကိုတိုက်ရင် အစိုးရတပ်စခန်းတိုက်ပါလား၊ ဘာလို့ ပြည်သူတွေကြားက ဒုက္ခရောက်အောင် လုပ်နေတာလဲ” ဟု အပြစ်တင် ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

“ဒါ PDF နဲ့ EAOတွေ ဖျက်တာပါ။ ကျွန်တော်တို့အစိုးရတိုက်တာမဟုတ်ဘူး။ အစိုးရကိုတိုက်ရင် အစိုးရတပ်စခန်းတိုက်ပါလား ဘာလို့ပြည်သူတွေကြားက ဒုက္ခရောက်အောင်လုပ်နေတာလဲ။ ဒါတွေမေးစရာရှိတယ်။ လက်ရှိဖြစ်နေတဲ့ EAo တွေနဲ့ PDF တွေကတော့ အစိုးရကိုဒုက္ခပေးတာမဟုတ်ဘဲနဲ့ ပြည်သူကိုသာဒုက္ခပေးတဲ့ ဖျက်ဆီးမှုတွေကိုသာ ဖြစ်နေတော့တာ။ ဒါကြောင့် ပြည်သူတွေရဲ့ ပျက်စီးမှုက ဘီလီယံနဲ့မဟုတ်ဘး ထရီလီယံနဲ့ချီပြီးဖြစ်သွားနိုင်ပါတယ်။ ဒါ PDF တွေဖျက်တာ”ဟု ရွေးတုသမ္မတ မင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း PDF နှင့် EAO အဖွဲ့များ၏ လုပ်ရပ်များကြောင့် ရဟန်းသံဃာ အပါး ၉၀၊ နိုင်ငံ့ဝန်ထမ်း ၄၂၀ ခန့်၊ ရဲနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၉၆၁ ဦး အပါအဝင် ပါတီဝင်များနှင့် အရပ် သား ၆,၀၀၀ ကျော် စုစုပေါင်း ၈,၄၅၉ ဦး သေဆုံးခဲ့ကြောင်း ၎င်းက ကိန်းဂဏန်းများဖြင့် ပြောဆိုသွားသည်။

ဆက်လက်၍ နိုင်ငံပိုင်အဆောက်အဦ၊ လမ်းတံတားနှင့် ဆက်သွယ်ရေးကွန်ရက်များ ပျက်စီးမှုတန်ဖိုးမှာ ကျပ် ၁,၃၉၈.၂၅၁ ဘီလီယံရှိပြီး ချင်းပြည်နယ်ရှိ တီးတိန်၊ ဖလမ်း၊ ဟားခါးနှင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တို့တွင် မြို့ရွာများ ပျက်စီးမှု ကြီးမားသဖြင့် ဒေသခံများ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေးဘဲ ပြန်လည်တည်ဆောက်ရေးအတွက် ကျပ်ငွေ ထရီလီယံနှင့်ချီ ကုန်ကျနိုင်ကြောင်းနှင့် ယင်းပျက်စီးမှုများမှာ အစိုးရတပ်က တိုက်ခိုက်ခြင်း မဟုတ်ဘဲ PDF နှင့် EAO များက ဖျက်ဆီးခြင်းသာ ဖြစ်ကြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

”စစ်တပ်က ရွာတွကိုဝင်ပြီး မီးရှို့တယ်။ ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေကို သယ်လို့ရသမျှ သယ်ပြီးရောင်းစားတဲ့ ရုပ်သံမှတ်တမ်းကအစ အကုန်ရှိနေတာပဲ။ နောက်ပြီး တော်လှန်ရေးဘက်ကိုအလင်းဝင်လာတဲ့ ပစတွေလည်း ပြည်သူတွေရဲ့ပစ္စည်းတွေကို ယူလို့ရတာအကုန်ယူတဲ့အကြောင်းတွေ လူသက် သေ ရုပ်သံမှတ်တမ်းတွေနဲ့ ပြောထားတာတွေ ရှိနေတာတောင် တစ်နိုင်ငံလုံးကို အရှက်မရှိ လိမ်တာ” ဟု ကရင်နီတွင် နေထိုင်သည့် ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုသမ္မတ ထည့်သွင်းပြောဆိုသွားသည့် ချင်းပြည်နယ်နှင့် ကရင်နီပြည်နယ်တို့ အပါ အဝင် နိုင်ငံတစ်ဝန်းရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများ၌ မြို့ရွာအဆောက်အဦများ အစုလိုက်အပြုံလိုက် ပျက် စီးဆုံးရှုံးခြင်းနှင့် အရပ်သားပြည်သူ အများအပြား သေဆုံးခြင်းတို့သည် စစ်တပ်၏ လေကြောင်းမှ ဗုံး ကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဖြစ်ပွားခဲ့သည့် မြေပြင်ဖြစ်စဉ်များနှင့် တိုက် ရိုက်ဆက်စပ်နေခြင်းဖြစ်သည်။