ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်
ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသမှာ စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ် လိုက်ပါလာသူ ၁၉ ဦးလုံး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
An-12 အမျိုးအစား အဲဒီလေယာဉ်ဟာ ကီမီရိုဗိုဒေသက လူနေထိုင်ခြင်းမရှိတဲ့ နေရာတစ်ခုမှာ ပုံမှန်ပျံသန်းရေး ခရီးစဉ်အတွင်း ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ ဒီလေယာဉ်ပျက်ကျမှုဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ ကနဦး ယူဆထားပြီး ရုရှားလေကြောင်း အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။
လေယာဉ်ပျက်ကျပြီးနောက် လောင်ကျွမ်းခဲ့တဲ့ မီးကို အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေက အမြန်ဆုံး ငြှိမ်းသတ်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့က ဧရိယာကို ပိတ်ဆို့ထားတယ်လို့ ဒေသအုပ်ချုပ်ရေးမှူး အီလီယာ ဆယ်ရီဒျုခ်က ပြောပါတယ်။
အခင်းဖြစ်ပွားရာ နေရာကို သွားရောက်ခဲ့တဲ့ အီလီယာက ရဟတ်ယာဉ်တစ်စင်းနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အကူပြု အဖွဲ့တွေကို အသင့်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စုံစမ်းစစ်ဆေးရေးမှူးတွေ အလုပ်လုပ်ကိုင်နိုင်ဖို့ ကူညီပေးရေးဟာ အဓိက လုပ်ငန်းတာဝန် ဖြစ်နေတယ်လို့ ၎င်းက ထပ်လောင်းပြောပါတယ်။
အုပ်ချုပ်ရေးမှူး တင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ မီးသတ်သမားတွေက လေယာဉ်အပျက်အစီး အပိုင်းအစတွေကြား ရှာဖွေနေကြပြီး အနီးအနားမှာ လူနာတင်ယာဉ် အများအပြား ရပ်ထားတာကို တွေ့ရပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ CCTV မှတ်တမ်းအရ ကောင်းကင်ယံကနေ မီးလောင်နေတဲ့ အရာဝတ္ထုတစ်ခု ပြုတ်ကျလာပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကို BBC နဲ့ Reuters သတင်းဌာနတွေက အတည်ပြုနိုင်ခဲ့ပါတယ်။
ပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှာ ကုန်ပစ္စည်းတွေ တင်ဆောင်လာခြင်း ရှိမရှိကိုတော့ လတ်တလောမှာ တိတိကျကျ မသိရသေးပါဘူး။
An-12 လေယာဉ်တွေကို ရုရှားစစ်တပ်က လက်နက်ခဲယမ်းတွေနဲ့ တပ်ဖွဲ့ဝင်တွေအပြင် သယ်ယူပို့ဆောင်ရာမှာရော ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ ရှိပါတယ်။
News: BBC
Ref; Russian military plane crashes, killing all 19 on board