ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဩဂုတ် ၁၁ ရက်

ကရင်နီပြည်နယ်၊ ဒီမော့ဆို နှင့် ဖရူဆိုဒေသများသို့ စစ်ကော်မရှင်က စစ်ကြောင်းထိုးကာ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် လွိုင်ကော် – ဒီမော့ဆို -ဖရူဆို လမ်းမကြီးကို ပြည်သူများအနေဖြင့် အသုံးမပြုကြရန် ယမန်နေ့ ဩဂုတ် ၁၀ ရက်နေ့က KNDF သတိပေးထုတ်ပြန်ထားသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဩဂုတ် ၈ ရက်မှစတင်ကာ ဒီမော့ဆိုဒေသသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ထံက သိရသည်။

“စစ်ကောင်စီကတော့ဒီမော့ဆိုမြို့ဘက်ကို စစ်ကြောင်းစထိုးနေပြီပေါ့နော် ဒီးမော့ဆို ဖရူဆို ကြားထဲကိုလည်း လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ်နေတာဖြစ်တာဖြစ်တဲ့အတွက် အများပြည်သူတွေမသွားလာကြဖို့အထူးသဖြင့် ဖရူဆို ဒီမော့ဆိုလမ်းကြောင်းကို ကျွန်တော်တို့သုံးမပြုကြဖို့ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူတာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် ယနေ့နံနက်ပိုင်းအချိန်တွင်လည်း ဒီမော့ဆိုမြို့နယ်တောတွင်းတစ်နေရာသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ဖရူဆိုမြို့နယ်အခြေစိုက်စစ်ကော်မရှင်တပ်ဖွဲ့များကလည်း လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေပြီး ယမန်နေ့ ဩဂုတ် ၁၀ ရက်နေ့ကလည်း ဒေသခံများနေထိုင်ရာကျေးရွာများနှင့် စစ်ဘေးရှောင်များနေထိုင်ရာနေရာများသို့ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မြေပြင်စစ်ရေးအခြေအနေများနှင့် စစ်ကော်မရှင်၏ ပစ်ခတ်မှုများကြောင့် လွိုင်ကော်-ဒီမော့ဆို-ဖရူဆို လမ်မကြီးအပြင် ထိုလမ်းမကြီးအပေါ် ဖြတ်သန်း သွားလာသည့် လမ်းသွယ်များကိုပါ အသုံးမပြုကြရန်နှင့် လမ်းအား ရက်အကန့်အသတ်မရှိပိတ်ထားမည် ဖြစ်ကြောင်းလည်း KNDF က သတိပေးပြောဆိုခဲ့သည်။

ဓာတ်ပုံ – KNDF(ပုံဟောင်း)