
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်
ဗန်းမော်မြို့ရှိ စစ်ကော်မရှင်လက်ထဲမှ သိမ်းယူထားသည့်နေရာအချို့ကို KIAက ခေတ္တနောက်ဆုတ်ပေးထားရကြောင်း သိရသည်။
စစ်ကော်မရှင်က လေကြောင်းနှင့် ဒရုန်းအဓိကထား အသုံးပြုပြီး တိုက်ခိုက်လာသည့်အတွက်
ဩဂုတ် ၁၀ရက်နေ့ ညပိုင်းတွင် KIAတပ်များက အထက်ပါနေရားများမှ ဆုတ်ပေးခဲ့ကြောင်း သိရသည်။
”တိုက်ပွဲကတော့ အတက်အဆုတ်ရှိတယ်။စစ်တပ်ဘက်က သာလွန်နည်းပညာသုံးတယ်။ လေကြောင်းသုံးတယ်။ ခဏ နောက်ဆုတ်ထားတာပါ” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဩဂုတ် ၁၁ ရက်နေ့က အမြောက်တပ်နှင့် လေယာဉ်ကွင်းတို့တွင် စစ်ကော်မရှင်တပ်များဝင်ရောက်ပြီး ဓာတ်ပုံရိုက်ကာ ဗန်းမော်အောင်ပွဲဟု လူမှုကွန်ရက်စာမျက်နှာများတွင်ဖြန့်ဝေထားသည်။
ပြီးခဲ့သည့် ဩဂုတ် ၂ရက်နေ့တွင် ဗန်းမော်မြို့ကို စစ်သင်္ဘောများဆိုက်ကပ်လာပြီးနောက် လူအင်အား၊ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများ ပို့ခဲ့ပြီး တိုက်ပွဲပြင်းထန်လာခဲ့သည်။
စစ်ကော်မရှင်နှင့် KIAတို့တိုက်ပွဲမှာ ပြင်းထန်နေပြီး ပြီးခဲ့သည့် ဩဂုတ် ၇ရက်နေ့က စစ်ကော်မရှင်၏ ဒရုန်းအဖွဲ့ခေါင်းဆောင် ဗိုလ်ကြီးတစ်ဦးနှင့် တပ်ရင်းမှူးတို့သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးမှု များပြားခဲ့သည်။
စစ်ကော်မရှင်က အလောင်းများနှင့် ဒဏ်ရာရသူများကို စကခ ၂၁အတွင်းသယ်ယူသွားပြီး အမြောက်တပ် ၃၆၆ဘက်ကို အင်အားအမြောက်အမြားနှင့် စစ်ကြောင်းထိုးကာ ဒရုန်းဗုံးများပါကြဲချ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။