
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်
ရခိုင်ကမ်းခြေတစ်လျှောက် ဆုံးရှုံးနယ်မြေများကို လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်နေသည့် စစ်ကော်မရှင်၏ စစ်သဘ်ောတစ်စီးသည် ဩဂုတ် ၁၀ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က ပင်လယ်ပြင်တွင် မီးလောင်မျောပါနေကြောင်း သိရသည်။
“သူတို့ပစ်တဲ့လက်နက်ကြီးကွဲပြီး မီးလောင်တာလား။ AA ဘက်က ပစ်ခတ်တာလားတော့ မသိရဘူး။ မီး လောင်ပြီး မြုပ်လုလုအခြေအနေနဲ့ ပင်လယ်ပြင်မှာမျောပါနေတာတော့ သိရတယ်”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရခိုင်-ဧရာဝတီအစပ် ကျောက်ချွန်နှင့် ဘောမိအကြားအရောက်တွင် စစ်ကော်မရှင်၏ စစ်သင်္ဘောမှာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကျွမ်းနေကြောင်း သိရသည်။
စစ်သင်္ဘောမှာ လက်နက်ကြီးဖြင့် ပစ်ခတ်နေချိန်တွင် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရပြီး နစ်မြုပ်လုဆဲအခြေအနေဖြင့် နံ့သာကျွန်းဘက်သို့ မျောပါသွားခြင်းဖြစ်သည်။
သင်္ဘောမှာ ကမ်းခြေမှ မီတာ ၆၅၀၀ ခန့် အကွာအဝေးတွင်ရှိနေကြောင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဓာတ်ပုံ- APM
ပုံစာ- ရခိုင်ပင်လယ်ပြင်တွင် မီးလောင်မျောပါနေသည့် စစ်သင်္ဘော