ဧရာဝတီတိုင်းမ်
သြဂုတ် ၁၁ ရက်

မြောက်ကိုရီးယားနိုင်ငံဟာ ရန်စမှုကြုံတွေ့လာရင် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခွင့် ကျင့်သုံး မယ်လို့ ကာကွယ်ရေးဝန်ကြီး နိုကွမ်ချိုလ်က သတိပေးခဲ့ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်ကြား ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုုလုပ်မယ့်အစီအစဉ်ကို ရှုတ်ချလိုက်ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်က ယခုလ ၁၈ ရက်မှ ၂၈ ရက်အထိ နှစ်စဉ်ပြုလုပ်နေကျ Ulchi Freedom Shield (UFS) စစ်ရေးလေ့ကျင့်မှု စတင်ဖို့ တစ်ပတ်လိုတော့ချိန်မှာ သူက အခုလို သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။

“မြောက်ကိုရီးယားနိုင်ငံနဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာနိုင်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ကြား ရန်စတဲ့လုပ်ရပ်တွေကို ကျွန်တော်တို့ အပြင်းအထန် ရှုတ်ချပါတယ်။ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုက ကိုရီးယားကျွန်းဆွယ် လုံခြုံရေးပတ်ဝန်းကျင်ကို ထိခိုက်စေပြီး အပျက်သဘော အကျိုးဆက်တွေရှိလာ မယ်လို့ သတိပေးပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် ကျင့်သုံးသွားမှာဖြစ်ပြီး စစ်ရေး လေ့ကျင့်မှုကို အနီးကပ် စောင့်ကြည့်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားနိုင်ငံအတွက် တိုက်ရိုက် စစ်ရေးရန်စမှုတစ်ခု၊ ပကတိ ခြိမ်းခြောက်မှုတစ်ခုလို့ ၎င်းက ထောက်ပြပါတယ်။

လက်ရှိ အပူလှိုင်း၊ ရေဘေးသင့်မှုနဲ့ တောင်ကိုရီးယားရဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးတက် လိုမှုကြောင့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အရွယ်အစားလျှော့ပြီး ပြုလုပ် မယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျောင်ကလည်း အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ထုတ်ပြန်ချက်တစ်ခုအတွင်း ရှုတ်ချခဲ့ပါတယ်။

ကိုးကား – Yonhap
Ref; North warns of ‘self-defense’ measures against planned South-U.S. military exercise