
ဆောင်းပါးရှင် – ကိုတာတေ
သြဂုတ် ၁၁ ရက်
မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်က အရှက်တရားမဲ့မဲ့နဲ့ “နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်” ဆိုတာဖွဲ့လိုက်ပါပြီ။ ဥက္ကဋ္ဌက ထုံးစံအတိုင်း အရှက်မဲ့တဲ့ မင်းအောင်လှိုင်ပါပဲ။ ဟိုဘက်လက်က ရာထူး၊ ဒီဘက်လက်က ပြောင်းယူတာက သူ့ပထွေး ဗိုလ်နေဝင်း လုပ်ခဲ့တဲ့ အကျင့်အတိုင်းပဲ။ ဖက်ဆစ်ကျောင်းထွက်တွေမို့ အကျင့်ချင်းတူကြတာလည်း မဆန်းမို့ ထွေထူးပြီး ကလော်မဆဲချင်ဘူး။
ကလော်ဆဲချင်တာ တစ်ခုတော့ ရှိသဗျ။ ဘာတဲ့ “နိုင်ငံတော် လုံခြုံရေး” တဲ့။ အရူး အရူးနဲ့ အိမ်ဦး ချီးတက်ပါတဲ့ မင်းအောင်လှိုင်က ဒီတစ်ကြိမ်တော့ အမှန်ဝန်ခံသလားလို့ အံသြမိရဲ့။ စစ်အုပ်စုက သေနတ်ထောက် အဓမ္မအုပ်ချုပ်ထားတဲ့ နိုင်ငံတော်ဆိုတာကြီးက “မလုံခြုံဘူး” ဆိုတာကို ဝန်ခံလိုက်တဲ့ သဘော။ “မလုံခြုံမှု” ဆိုတာ စကားရပ်သက်သက်လို့ မထင်ကြစေချင်ဘူးဗျ။
ဒီစကားရပ်ဟာ နိုင်ငံ့လူ့ဘောင်အတွင်းက တစ်ဦးချင်း တစ်ယောက်ချင်းကစလို့ အသိုင်းအဝန်းကြီးတစ်ခုလုံးရဲ့ ကိုယ်ရေးကိုယ်တာ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကုန်ကုန်ပြောရရင် စိတ်ပိုင်းဆိုင်ရာအထိ ဘက်စုံခြိမ်းခြောက်ခံရမှု၊ ကြောက်ရွံ့မှုတွေ ကြုံနေရပြီး သက်သာလုံခြုံမှုမရှိတဲ့ အခြေအနေကို ဖော် ညွှန်းတာဆိုရင် လက်ခံကြမယ်၊ ခြုံငုံမိကြမယ် ထင်တယ်။ အခု စစ်အုပ်စုက သုံးလာတဲ့ ဒီ “လုံခြုံရေး” ဆိုတဲ့ အသုံးအနှုန်းက သူတို့ အုပ်ချုပ်ထားနိုင်တဲ့ နယ်နိမိတ်ထဲမှာတောင် ဒီပြဿနာတွေ၊ လက္ခဏာတွေ ရှိနေပြီဆိုတာ သူတို့ ကိုယ်တိုင် သက်သေပြလိုက်တာပဲ ဖြစ်တယ်။
ဒင်းတို့ သေနတ်ပြောင်းအောက်က လွတ်ပြီး နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက် ကိုင်အင်အားစုတွေ စိုးမိုးထားတဲ့ ဒေသတွေကို သွားကြည့်စမ်းပါလို့ ဖိတ်ခေါ်ချင်တယ်။
ခင်ဗျားဟာ…နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေမယ်ဆိုရင် ခင်ဗျား ရကို ရရမယ့် လူ့အခွင့်အရေးဆိုတာကို မတောင်းဘဲနဲ့ ရစေရမယ်ဗျ။ အုပ်ချုပ်သူ တစ်ဦးချင်းစီက ဒီ အခွင့်အရေးအတွက် အာမခံချက် မပေးနိုင်ခဲ့ရင်တောင်မှ စနစ်ကနေ ရအောင်အတွက် စိုက်ထူနေပြီ၊ လည်ပတ်နေပြီ၊ တည်ဆောက်နေပြီ။
သို့သော် စစ်အုပ်စု ထိန်းချုပ်ထားတဲ့ မလုံခြုံတဲ့နေရာမှာဆိုရင်တော့ ခင်ဗျား အခွင့်အရေးတွေ ရဖို့ လေသံလေးတောင် မဟလိုက်နဲ့။ ခင်ဗျားရဲ့ မွေးရာပါ အခွင့်အရေးရဖို့၊ လူမှု စီးပွားဘဝ လုံခြုံမှုဆိုတာတွေက သူတို့အတွက် မလုံခြုံမှုကို ဖြစ်စေတဲ့ ခြိမ်းခြောက်မှုလို့ကို သတ်မှတ်ထားပြီးသား။
သူတို့ပြောတဲ့ လုံခြုံရေးဆိုတာ စစ်တပ်ထဲက သူတွေ၊ စစ်တပ်နဲ့ ပတ်သက်ဆက်စပ်တဲ့ သူတွေ၊ စစ်တပ် အကျိုးစီးပွားတွေ လုံခြုံမှုကို ဖော်ညွှန်းတာ ဖြစ်တယ်။
နောက်ပြီး သူတို့အလိုကိုလိုက်ပြီး သံယောင်လိုက်ကြမယ့် ကိုယ်ကျိုးရှာ နိုင်ငံရေးသမား၊ စီးပွားရေးသမားတွေ၊ သူတို့အတွက် သီးသန့်ပဲ။ ဒီထဲမှာ ခိုးမှ၊ ဝှက်မှ၊ လာဘ်ယူမှ နေ့စဉ်ဘဝရပ်တည်နိုင်တဲ့ စစ်အုပ်စုနဲ့ စစ်ဗျူကရိုကရေစီယန္တရားထဲက အောက်ဆုံးအဆင့် ပင်နယံ အောက်ခြေဝန် ထမ်းတွေတောင် မပါဘူး။
အောက်ခြေစစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ မပါဘူး။ ဒင်းတို့ကို လက်နက်တပ်ပေးပြီးသား၊ လုပ်ပိုင်ခွင့် ပေးပြီးသား၊ ဒီတော့ ကိုယ်ဘေး ကိုယ် ကြည့်ရှောင်၊ လုပ်ပိုင်ခွင့် သုံးပြီး ရှာစားရင်တောင် ငါ့ အကျိုးစီးပွားတော့ လာမထိနဲ့။ ဒါဆိုရင် ငါတို့ ပြောနေတဲ့ လုံခြုံရေး ဆိုတာချည်းက မင်းအတွက် ပြစ်ဒဏ်သာ ဖြစ်လိမ့်မယ်ဆိုတာနဲ့ အကျိုးစီးပွား တစ်ခုတည်းသမားချင်း အဆင့်အတန်း ခွဲထားပြန်ပါသေးတယ်။
ဒါ ဒီကနေ့ မင်းအောင်လှိုင်တို့ ဖွဲ့လိုက်တဲ့ ကော်မရှင်ဆိုတာကြီးထဲ ပါတဲ့ “လုံခြုံရေး” ဆိုတဲ့ စကားရပ်ရဲ့ ရှင်း လင်းတဲ့ အနက်အဓိပ္ပာယ်ပဲ။ လုံခြုံရေးဆိုတာ တစုတဖွဲ့အတွက်ပဲ၊ ပိုအသေးစိပ်ရင် စစ်အုပ်စုခေါင်းဆောင်နဲ့ အနားက ကပ်ပါးကောင်တွေ လုံခြုံရေးပဲ။ နိုင်ငံတာ်အတွက် မရည်ရွယ်သလို လူထုကိုလည်း အကျိုးမပြုဘူး။ ဒီကနေ့ နိုင် ငံတော်နဲ့ လူထု ကြုံတွေ့နေရတဲ့ မလုံခြုံမှု အန္တရာယ်တွေရဲ့ အဓိကတရားခံဟာလည်း သူတို့ပဲ ဖြစ်တယ်။ ဒါကို မျက် နှာပြောင်တိုက် အရှက်မဲ့မဲ့နဲ့ နိုင်ငံတော်လုံခြုံရေး ဆိုတဲ့ အသုံးအနှုန်းချည်း သုံးလောက်တော့ ဟားတိုက်လို့သာ ရယ်လိုက်ချင်ပါ့။
နိုင်ငံတော်က ပေးရမယ့်၊ နိုင်ငံတော်နဲ့ ဆိုင်တဲ့ လုံခြုံမှု။ တကယ်တော့ လုံခြုံရေးဆိုတာ ပြည်သူအတွက်၊ လူထုအတွက်သာ ဖြစ်ရမယ်ဆိုတာ မင်းအောင်လှိုင် တယောက် မသိတာပဲလား၊ သို့တည်းမဟုတ် သိသိချည်းနဲ့ ခွေးခေါင်းချိတ်ပြီး ဆိတ်သားရောင်းနေတာလားလို့ မေးရပါတော့မယ်။
ပြည်သူ့အပိုင်၊ လူထုအပိုင် ဖြစ်ရမယ့် လုံခြုံမှုကို လက်ရှိကာလမှာ ဒင်း ခေါင်းဆောင်တဲ့ စစ်အုပ်စုကပဲ ဖျက်ဆီးနေတာပါ။ အို…ခပ်ကုန်ကုန် ပြောရရင် လွတ်လပ်ရေးနဲ့အတူ နိုင်ငံလူထု လုံခြုံမှု ပျောက်ပျက်ခဲ့တာဟာ အာ ဏာမက်တဲ့ အကြမ်းဖက်စစ်တပ် လက်ချက်ချည်းပဲ မဟုတ်ခဲ့ဘူးလား။
တခေတ်တခါက အာရှကျားဖြစ်လာမယ်ဆိုပြီး စင်ကာပူလို နိုင်ငံကတောင် ငေးကြည့်ခဲ့ရတဲ့ တိုင်းပြည်ကြီး၊ အခုတော့ စစ်တပ်လက်ချက်နဲ့ အာရှ မပြောနဲ့ အာဆီယံမှာတောင် အနိမ့်ဆုံး တိုင်းပြည် ဖြစ်နေရပြီ မဟုတ်ဘူးလား။ လုံခြုံဖို့ မပြောနဲ့ ဖွံ့ဖြိုးမှုတောင် အဝီစိ ချိုးကပ်တဲ့အဆင့်ထိ ရောက်ကုန်ရတာ အကြမ်းဖက်စစ်တပ် လက်ချက်ပါပဲ။ ဆိုးလို့၊ ခိုးလို့၊ မိုက်လို့ မဝသေးတဲ့အပြင် လူထုပိုင် ဖြစ်ရမယ့် လုံခြုံမှုကို နိုင်ငံတော်တံဆိပ်ကပ်ပြီး လူတစ်စု လုံခြုံရေး လုပ်၊ ကော်မရှင်ဖွဲ့တာ ရှက်ဖွယ်လိလိပါပဲ။
တိုင်းပြည်ကို ကျွန်ပြု၊ ပြည်သူ့ လွတ်လပ်မှုကို အကြိမ်ကြိမ် မုဒိန်းကျင့်နေတဲ့ ဒီစစ်တပ်နဲ့ စစ်အာဏာရှင် လက်အောက်မှာ လုံခြုံမှုဆိုတာ လူထုအတွက်လည်း ရှိမှာ မဟုတ်သလို နိုင်ငံတော်ဆိုတာချည်းလည်း လုံခြုံနေမှာ မဟုတ်ပါဘူး။ နိုင်ငံတော်သီချင်းထဲက “တရားမျှ လွတ်လပ်ခြင်း” ဆိုတာ ဆိုကောင်းရုံ စာသားသက်သက်ထက် အနက်အဓိပ္ပာယ် ရှိနေမှာ မဟုတ်ပါဘူး။
ဒီတော့ နိုင်ငံတော်ကြီး စစ်ဖိနပ်အောက်က လွတ်မြောက်ပြီး လူထုဘဝတွေ လုံခြုံဖို့အတွက်ဆ စနစ်ပြောင်း၊ ခေတ်ပြောင်း နွေဦးတော်လှန်ရေးကာလမှာ လုံခြုံမှုကို ပြည်သူပိုင်အဖြစ် ပြန်လည်တည်ဆောက်ခြင်းကသာလျှင် အခရာ ကျပါလိမ့်မယ်။ စစ်ခွေးပါးစပ်က ထွက်တဲ့ လုံခြုံမှု ဆိုတာထက် လူထုလက်နဲ့ တည်ဆောက်တဲ့ လုံခြုံမှုကသာလျှင် စစ်မှန်မှာ ဖြစ်ပြီး ဒီကတဆင့် နိုင်ငံတော်လုံခြုံမှုအထိ တိုးချဲ့ပစ်ရမှာ ဖြစ်တယ်။
ဒါကို ဘယ်လို တည်ဆောက်မလဲ။ လူမှုအသိုင်းအဝိုင်းကို အခြေပြုတဲ့ လုံခြုံရေးစနစ်တွေ တည်ဆောက်ပါ။ ဒေသအလိုက် ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ပါ။ (လက်နက်ကိုင်ရပြီးရောဆိုပြီး “မူမဲ့” တဲ့၊ လူထုကို ဦးမတည်တဲ့ ဖွဲ့စည်းမှုဆိုရင်တော့ မလုံခြုံမှုအန္တရာယ်က နှစ်ဆ တိုးသွားပါလိမ့်မယ်။) တော်လှန်သူများနှင့် ဒေသခံများအကြား ယုံကြည်မှု တည်ဆောက်ပါ။ လူထုကြုံတွေ့ ခံစားနေတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ရမှုတွေကို လူ့အသိုင်းအဝိုင်း ညီညွတ်မှုနဲ့ ပြန်လည်ကုစားကြ၊ အချင်းချင်း စောင့်ရှောက်ကြပါ။
ဒီလို လုပ်နိုင်မယ်ဆိုရင် လုံခြုံမှုဆိုတာ ချက်ချင်းကြီး မဟုတ်တောင်၊ တဆင့်ချင်းစီ ပြည်သူပိုင်အဖြစ် ပြောင်းလဲလာပါလိမ့်မယ်။ ဒီစုစည်း တည်ဆောက်မှုကသာလျှင် နိုင်ငံလက် နက်ကိုင် ယန္တရားတွေ ကိုင်ဆောင်ထားပြီး နိုင်ငံတော်တံဆိပ်ကပ်ထားတဲ့ လုံခြုံရေးအောက် ပြေးပုန်းနေတဲ့ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်၊ ဒင်းတို့ရဲ့ အပေါင်းတသိုက်ကို ချိုးဖျက်၊ ချေဖျက်နိုင်မှာ ဖြစ်တယ်။
ဒီလုပ်ငန်းစဉ္်တွေကို တော်လှန်ရေး အထက်လွှာကလည်း အကောင်အထည် ဖော်ရမယ်၊ အောက်လွှာကလည်း ရုန်း ကန်ရပါမယ်။ တစ်လွှာတည်း ရုန်း၊ တစ်ခုတည်း ကန် နေမယ်ဆိုရင်တော့ ရွှေပြည်တော် မျှော်တိုင်းဝေးလို့ စစ်အုပ်စုရဲ့ နိုင်ငံတော်လုံခြုံရေး ခေါင်းစဉ်အောက်မှာ နိုင်ငံတော်နဲ့ လူထုဟာ ပြားပြားဝပ်နေပါလိမ့်မယ်။
အထက်က လာတဲ့ တော်လှန်မှုနဲ့ အောက်က လာတဲ့ ရုန်းကန်မှု ပေါင်းစုံတဲ့ တော်လှန်ခြင်း၊ လုံခြုံမှုကို ပြည်သူပိုင်အဖြစ် တည်ဆောက် နိုင်ခြင်းကသာလျှင် တော်လှန်ရေး အောင်ရာမွန်ရာနဲ့ အနာဂတ် ဖက်ဒရယ်စခန်း မြန်းဖို့ရာအတွက် လမ်းကြောင်းမှန် သာ ဖြစ်ပါကြောင်း မီးမောင်းကြီးကြီး ထိုးလိုက်ပါတယ်ဗျာ။