
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာရှိ နာရေးရက်လည်ပြုလုပ်နေသည့်အိမ်ကို စစ်ကော်မရှင်က ဒရုန်းဗုံး၊ ဂျက်ဖိုက်တာတို့ဖြင့် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် သေဆုံးဒဏ်ရာရသူများကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ် ၈ ရက် နံနက်ရှစ်နာရီခန့်က နာရေးအိမ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၁ ဦးသေဆုံးပြီး ၄၀ နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“ရက်လည်လုပ်နေတဲ့အချိန် လူစည်ကားတဲ့နေရာကို ဗုံးချလို့ နေရာတင် သေဆုံးတာ ၁၀ ယောက်ရှိတယ်။ ဒဏ်ရာရသူထဲက အခြေအနေစိုးရိမ်ရသူတွေလည်းရှိလို့ သေဆုံးမှုများနိုင်ပါတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒရုန်းဗုံးကြဲပြီး နာရီဝက်ခန့်အကြာ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် တံတားဦးလေတပ်မှတက်လာသည့် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးထပ်မံကြဲချတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်ခြောက်လုံး ပျကိစီးဆုံးရှုံးခဲ့သည်။
စစ်တပ်ထောက်ခံသူများက ဗုံးကြဲခံရသည့်နေအိမ်မှာ ပကဖအဖွဲ့ဝင်တစ်ဦး၏ နာရေးအိမ်ဖြစ်သည့်အတွက် သတင်းပေးချက်အရ ဒရုန်းဗုံးကြဲကာ လေယာဉ်ဖြင့်ပါ ပေါင် ၅၀၀ ဗုံးများကြဲချခဲ့ခြင်းဖြစ်ကြောင်း သတင်းဖြန့်လျက်ရှိသည်။
စစ်ကော်မရှင်က သပိတ်ကျင်းမြို့နယ်ကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ယခုဩဂုတ်လပထမပတ်အတွင်း ပြည်သူ ၂၀ ခန့်သေဆုံးပြီး ၄၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။