ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဩဂုတ် ၁၀ ရက်)

ဘူဖေး (Buffet) ဆိုသည့်အသံ ကြားလိုက်ရုံမျှဖြင့် စားချင် စဖွယ် အစားအသောက်မျိုးစုံကို စိတ်ကြိုက် အဝစားသုံးနိုင်သည့် အခွင့်အရေးတစ်ခု ရတော့မယ်ဆိုတဲ့ အတွေးနဲ့အတူ ကျွန်တော်ဝမ်းသာလိုက်မိတယ်။

အဝစား ဘူဖေးခေတ်စားလာပြီး ဘူဖေးစားသုံးခြင်းဟာလည်း လူနေမှုဘဝရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ မွေးနေ့ပွဲ၊ ဧည့်ခံပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် အထူးအခမ်းအနားတွေမှာ ဘူဖေးတည်ခင်းဧည့်ခံကျွေးမွေးခြင်းက ယဉ်ကျေးမှုတစ်ခုသဖွယ် ဖြစ်လာ‌နေပါတယ်။

ဒါပေမယ့်လည်း “အဝစား-ဘူဖေး” ဆိုတာရဲ့ နောက်ကွယ်မှာကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ဆိုကျိုးတွေ အများကြီးကစောင့်ဆိုင်းနေပါတယ်။

ဒါကြောင့် ဘူဖေးအဝစားခြင်း ရဲ့ ကျန်းမာရေးထိခိုက်နိုင်တဲ့ အခြေအနေတွေကို နားလည်သဘောပေါက်ပြီ ကျန်းမာရေးနဲ့ညီညွတ်စွာ ဘူဖေးစားသုံးနိုင်မယ့် နည်းလမ်းကောင်းတွေကို ဝေမျှချင်နေမိပါတော့တယ်။

#ဘူဖေးအဝစားခြင်းကြောင့်ဖြစ်လာရသောကျန်းမာရေးဆိုးကျိုးများ

-ကယ်လိုရီပိုလျှံစွာ စားမိ၍ ကိုယ်အလေးချိန်တက်လာခြင်း

သတ်မှတ်စျေးနှုန်းတစ်ခုပေးချေပြီး အစားအသောက်‌တွေကို ပမာဏအကန့်အသတ်မရှိ စားသုံးခွင့်ရမည်ဆိုတာကိုက ဘူဖေးရဲ့ အဓိကဆွဲဆောင်ချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အများကြီးစားရမယ်ဆိုတဲ့ စိတ်ဖိစီးမှုကို စပြီးခံစားရပါတယ်။

တည်ခင်းထားတဲ့ အစားအသောက်မျိုးစုံကို မြည်းစမ်းလိုတဲ့စိတ်၊ ပေးရတဲ့ငွေနဲ့တန်အောင်စားချင်စိတ်‌တွေကြောင့်ခန္ဓာကိုယ်ကလိုအပ်ချက်ထက် အများကြီးပိုတဲ့ လွန်လွန်ကဲကဲ ကယ်လိုရီ ပမာဏကို စားမိသွားကြပါတယ်။ ကစီဓာတ်များသော ထမင်း၊ထမင်းကြော်၊ခေါက်ဆွဲ၊ ပေါင်မုန့်နှင့် အချိုပွဲများ၊ အဆီများသော အကြော်အလှော်များနှင့် အသားကင်များကို အလွန်အကျွံ စားသုံးတဲ့အခါ ကိုယ်အလေးချိန်ကို လျင်မြန်စွာ တက်လာစေပြီး အဝလွန်ခြင်းကို ဖြစ်ရပါတော့တယ်။

အဝလွန်ခြင်းကြောင့် နှလုံး၊ဆီးချို၊သွေးတိုးနှင့် နာတာရှည် ရောဂါ‌တွေ ယှဉ်တွဲပြီးဖြစ်လာရပါတယ်။

-အစာခြေခြင်းကျန်းမာရေးပြဿနာများ

အချိန်တိုတိုအတွင်းမှာပင် အစားအသောက်များစွာကို သွပ်သိပ်ထည့် စားသောက်ခြင်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းမှာ တနှင့်တပိုး အစာခြေရပါတော့တယ်။ အစာအများကြီးစားခြင်းကြောင့် အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်၊ လေထိုးလေအောင့်၊ လေပွဗိုက်အောင့်ပြီး ရင်ပူခြင်း စတဲ့ အစာခြေစနစ်ကျန်းမာရေးပြဿနာများကို ချက်ချင်းလက်ငင်းကြုံတွေ့ရနိုင်ပါတယ်။ စားစရာမျိုးစုံကို ရောနှော စားသုံးခြင်းကလည်း အစာအိမ်ကို ပိုမိုဒုက္ခပေးပါတယ်။

-သွေးတွင်းသကြားဓာတ်နှင့် အဆီဓာတ် ကိုမြင့်တက်ခြင်း

ဘူဖေးမှာ တည်ခင်းထားတဲ့ အစားအစာများတွင် သကြား၊ ဆားနှင့် ပြည့်ဝဆီတွေ အများအပြား ပါဝင်‌နေပါတယ်။ သကြားအများကြီးပါဝင်နေတဲ့ အချိုရည်၊ကိတ်မုန့်၊ရေခဲမုန့် နှင့် အချိုပွဲများရွေးချယ် စားသုံးခြင်းက သွေးတွင်းသကြားဓာတ်ကို ရုတ်တရက် မြင့်တက်စေနိုင်ပြီး ရေရှည်တွင် သွေးချိုဆီးချိုရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

အသားမီးကင်တွေ၊ အကြော်အလှော်တွေနဲ့ ပြုပြင်ထားတဲ့စားစရာတွေဆိုတာ အဆီတက်လွယ်တာကြောင့် အများကြီးမစားသင့်ပါဘူး။ မကောင်းတဲ့သွေးတွင်းအဆီဓာတ် ဖြစ်တဲ့ ကိုလက်စထရော (LDL) ပမာဏကို မြင့်တက်စေပြီး နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေကိုတိုးစေပါတယ်။

-အာဟာရမမျှတခြင်း

Buffet ဆိုင်တွေမှရနိုင်တဲ့ အစားအသောက်တွေက စုံလင်‌ သော်လည်း ကိုယ်ကြိုက်တာကိုပဲ ‌ရွေးပြီးစားတတ်တဲ့လူတွေရဲ့ သဘောသဘာဝကြောင့် ကျန်းမာရေးနဲ့မညီညွတ်တာတွေကိုပဲ ရွေးချယ်မိတတ်ပါတယ်။

ဘူဖေးစားကြတဲ့အခါ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက်တွေနှင့် သစ်သီးဝလံတွေကို ရွေးချယ်မှုအားနည်းကြပါတယ်။ ရေရှည်မှာတော့ ဘူဖေးစာခြင်းက အာဟာရမညီမျှမှုကို ဖြစ်စေနိုင်ပါတယ်။

ဉာဏ်ပညာနဲ့ယှဉ်ပြီး ကျန်းမာတဲ့လူနေမှုဘဝပုံစံဖြင့် ရှင်သန်ရန်အတွက်ဆိုရင်တော့ ဘူဖေးစားသောက်ခြင်း မလိုအပ်ပါဘူး။ ဒါပေမယ့်လည်း ဘူဖေးစားခြင်းကိုနှစ်သက်ကြတဲ့ ကျွန်တော့်လိုလူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘူဖေးစားသုံးနည်းဆိုတာ ရှိပါတယ်။

ဘူဖေးချစ်သူအစားသမား (Foodie)တွေ အတွက် ဉာဏ် ပညာဖြင့် ချင့်ချိန်ပြီး အရသာရှိရှိ အစားအစာများကို ကျန်း မာရေးနှင့် ညီညွတ်စွာ ခံစားနိုင်ဖို့ နည်းလမ်းလေးတွေ မှတ်သားနိုင်အောင် မျှဝေချင်ပါတယ်။

-မစားမီ ဘာစားစရာတွေ ရှိနေတယ်ဆိုတာ ကြိုတင်လေ့လာပါ။

အစားအသောက်စားပွဲတွင် မထိုင်မီ မည်သည့်အစားအစာမှာမယူရသေးခင် တည်ခင်းထားသော ဟင်းလျာအားလုံးကို တစ်ပတ်ပတ်၍ အစအဆုံး ကြည့်ရှုလေ့လာပါ။ အမှန်တကယ် စားချင်တဲ့ ကျန်းမာရေးနှင့် ညီညွတ်သော အစား အစာများကို ဦးစားပေး ရွေးချယ်ပါ။

-ပန်းကန်သေးသေးသုံးပါ။ ပန်းကန်အကြီးကြီး ရွေးချယ်မိပါက အစားအစာများလည်းအများကြီးခပ်ထည့်မိပြီး မနိုင်မနင်းပမာဏအများကြီးကို ကုန်စင်အောင်စားသောက်ဖို့ဖိအားဖြစ်စေပါတယ်။ ပန်းကန်သေးသေးကိုသာ အသုံးပြုခြင်းက မိမိ စားမယ့်ပမာဏကို ထိန်းချုပ်မှုဖြစ်စေပါတယ်။

-ဟင်းသီးဟင်းရွက်နှင့် သစ်သီးများစစားပါ။

အသုပ်များ၊ အပြုတ်၊ ဟင်းသီးဟင်းရွက်များနှင့် လတ်လတ် ဆတ်ဆတ် အသီးများကို အရင်ဦးဆုံးစားပါ။ ဒီအစားအစာတွေထဲကအမျှင်ဓာတ်က အဆီနှင့် ကယ်လိုရီများသော အစားအစာများကို အလွန်အကျွံ မစားမိစေဖို့ ကူညီပေးပါလိမ့်မယ်။

အသားဓာတ် (ပရိုတင်း)ကို စားပြီး အဆီကိုရှောင်ပါ။ ကြက်သား၊ ငါး၊ဥ၊ ပဲအမျိုးမျိုးကဲ့သို့ အဆီနည်းပြီး ပရိုတင်းများများပါဝင်တဲ့ အစားအစာများကို ရွေးစားသင့်ပါတယ်။ လူကို ဗိုက်ပြည့်စေပြီးခန္ခန္ဓာကိုယ်ကြွက်သားတည် ဆောက်မှုအတွက်လည်း အသုံးဝင်ပါတယ်။

-ပမာဏနည်းနည်းနှင့် အမျိုးစုံစားခြင်းကို အားပေးပါတယ်။ ဟင်းတစ်မျိုးတည်းကို ပန်းကန်အပြည့်ထည့်မစားဘဲ စားချင်တဲ့ အစားအသောက်မျိုးစုံကို ပမာဏနည်းနည်းစီသာ ထည့်၍ စားသုံးပါက အရသာမျိုးစုံမြည်းစမ်းခံစားနိုင်သလို စိတ်ပျော်ရွှင်ကျေနပ်မှုကိုပါ ရရှိမှာဖြစ်ပါတယ်။

-အစာကိုဖြည်းဖြည်းနှင့် ကြေညက်အောင်ဝါးစားပါ။ အလျင်စလိုမစားဘဲ ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားခြင်းက အစာကြေလွယ်စေပါတယ်။ ဗိုက်ပြည့်သည့်ခံစားချက်မျိုးရရှိသည်နှင့် ဦးနှောက်မှ ထပ်မစားတော့ဖို့ စိတ်ခံစားချက်ကို အစာကို ဖြည်းဖြည်းစားသူတွေမှသာ ခံစားရရှိပါတယ်။

အစာမြန်မြန်စားသူတွေကတော့ ဗိုက်ပြည့်သည့်စိတ်ခံစားချက် ဖြစ်ပေါ်ချိန်တွင် လိုအပ်သည်ထက်အလွန်အကြူးစားပြီးနေနှင့်ပြီဖြစ်ပါတယ်။

-သကြားများများပါဝင်နေတဲ့ အချိုရည်နှင့် ဆိုဒါ ရေခဲမုန့် ဘီယာတွေ ရွေးချယ်စားသုံးခြင်းမပြုပါနဲ့ ။ရေသောက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။ ကယ်လိုရီပမာဏများများကိုစားမိလေလေ သင့်ရဲ့ကိုယ်အလေးချိန်တိုးလာလေလေပါပဲ။

ဘူဖေးစားအပြီး အချိုပွဲ စားဖို့ ဆုံးဖြတ်ပြီဆိုပါက အသီးအစစ်တွေ ဒိန်ချဉ်တွေကဲ့သို့ သကြားပါဝင်မှုနည်းတဲ့ အချိုပွဲကိုရွေးချယ်ပါ။ ချိစ့်၊ကိတ်မုန့်၊ ရေခဲမုန့် ထန်းလျက်ခဲ ကဲ့သို့သော အချိုလွန်ကဲသည့် အရာများကိုမရွေးချယ်သင့်ပါဘူး။။

အစားအသောက်ကြိုက်သူတွေအတွက် ဘူဖေးအဝစားရတာ ပျော်ရွှင်စရာ ဆိုပေမယ့် ကျန်းမာရေးနောက်ဆက်တွဲပြဿနာများကို မမေ့ထားသင့်ပါဘူး။

“တန်ဆေး၊ လွန်ဘေး” ဆိုတဲ့အတိုင်း ကျန်းမာရေးကိုရှေးရှုပြီး ဉာဏ်ဖြင့်ချင့်ချိန်စားပါ။ သင့်ရွေးချယ်မှုတိုင်းက သင့်ကျန်းမာရေးကို သက်ရောက်မှုရှိနေတယ်ဆိုတာ အမြဲသတိရပါ။ စိတ်ကိုထိန်းချုပ်ပြီး မကြာခဏ ဘူဖေးစားခြင်းမှ ဆင်ခြင်ကြပါ။

နောက်တစ်ပက်မှာတော့ သားဥအိမ်အရည်အိတ်တည်ခြင်း ကျန်းမာရေးဆောင်းပါးကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းပရိသတ်များလည်း စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ။