ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်

နောင်ချိုမြို့ရှိ အချက်အချာနေရာများကို စစ်ကော်မရှင်က သိမ်းယူပြီးနောက် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကော်မရှင်တို့ တရုတ်အကူအညီဖြင့် ဆွေးနွေးညှိနှိုင်း ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲမတိုင်မီ စစ်ကော်မရှင်က TNLA ထိန်းချုပ်ထားသည့် နယ်မြေများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာရာ ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

“တရုတ်နဲ့ဆွေးနွေးပွဲလုပ်မှာ ဒီလအတွင်းပဲ။ ဆွေးနွေးပွဲမတိုင်ခင် ဖိအားပေးခြိမ်းခြောက်တဲ့အနေနဲ့ ဗုံးဆက်တိုက်ကြဲနေတယ်” ဟု TNLA နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖိအားပေးခြိမ်းခြောက်သည့်အနေဖြင့် စစ်ကော်မရှင်က ၎င်းတို့ လက်လွှတ်လိုက်ရသည့် နယ်မြေများကို ပြန်လည်ရယူရန် TNLA နှင့် ဆွေးနွေးပွဲမတိုင်ခင် ဗုံးကြဲမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း TNLA နှင့် နီးစပ်သူထံမှ သိရသည်။

စစ်ကော်မရှင်သည် ယမန်နေ့ ဩဂုတ် ၉ ရက် ညနေ ၆ နာရီ ၅၁ မိနစ်ခန့်တွင် မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ကျောက်နဂါးဘုန်းကြီးကျောင်းကို လေကြောင်းမှ ပေါင် ၅၀၀ ဗုံး နှစ် လုံးဖြင့် လာရောက် ကြဲချတိုက်ခိုက်ခဲ့ပြီး သာမဏေတစ်ပါးအပါအဝင် ပြည်သူ လေး ဦး သေဆုံးကာ နှစ် ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ထို့အပြင် ညနေပိုင်းတွင် သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်ကို ပေါင် ၂၅၀ ဗုံး သုံး လုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့သည်။

စစ်ကော်မရှင်သည် တရုတ်အစိုးရ၏ အကူအညီဖြင့် တရုတ်၏ ဖိအားပေးမှုနှင့် မလွတ်ကင်းသည့် တပ်ဖွဲ့များကို ခေါ်ယူညှိနှိုင်းဆွေးနွေးကာ နယ်မြေများကို ပြန်တောင်းဆိုနေပြီး ဆွေးနွေးပွဲမတိုင်ခင် ဆုံးရှုံးနယ်မြေများအား လေကြောင်းမှ ခြိမ်းခြောက်ကာ ဗုံးကြဲမှုများ ပြုလုပ်လျက်ရှိသည်။

တရုတ်အစိုးရ၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် လက်လွှတ်ထားရသည့် လားရှိုးမြို့ကိုလည်း ကိုးကန့်တပ် MNDAA တပ်ဖွဲ့ထံမှ ပြန်လည်ရယူထားပြီး မြို့ပေါ်ရှိ ရပ်ကွက်ပေါင်း ၁၂ ရပ်ကွက်ကို အုပ်ချုပ်ရေးအစီအမံများချမှတ်ကာ ခံစစ်အတွက် လူအင်အားဖြည့်တင်းခြင်းနှင့် လက်နက်တပ်ဆင် ခြင်းများ ပြုလုပ်လာကြောင်း သိရသည်။

ဓာတ်ပုံ-TNLA