
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဗလုံရွာကို စစ်ကော်မရှင်နှင့် ပျူစောထီးအဖွဲ့များ စစ်ကြောင်းထိုးဝင်ရောက်ကာ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုနှင့် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့နယ်အတွင်း စစ်ကော်မရှင်နှင့် သီတာယုမွန်ဦးဆောင်သော ပျူစောထီးအဖွဲ့တို့ စုစုပေါင်းအင်အား ၁၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ယမန်နေ့ ဩဂုတ် ၉ ရက် နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀ ခန့်က ဗလုံရွာအတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဗလုံရွာကို ဝင်မလာခင် လက်နက်ကြီးတွေနဲ့ အရင်ပစ်တယ်။ ပြီးတော့ မီးဝင်ရှို့တယ်။ မြင်းခြံအရှေ့ခြမ်းတစ်ခုလုံးကို နေရာခွဲပြီးတော့ အင်အားဖြန့်ပြီး ဝင်စီးနေတာပါ။ အခုသူတို့ သတ်ဖြတ်သွားတာ ရွာခံတွေကိုပါ” ဟု မြင်းခြံဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်နှင့် ပျူစောထီးအဖွဲ့များက ဗလုံရွာ၏ အနောက်ဘက်နှင့် မြောက်ဘက်မှ ညှပ်ပိတ်ကာ ဝင်ရောက်လာပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကော်မရှင်တပ်များ ဝင်ရောက်လာပြီးနောက် အိမ်ခြေ ၁၀၀၀ ခန့်ရှိပြီး လူဦးရေ ၄၀၀၀ ကျော်နေထိုင်သည့် ဗလုံရွာတစ်ခုလုံးကို ရွာလုံးကျွတ်မီးရှို့ခဲ့ရာ ပိတ်မိကျန်နေသည့် သက်ကြီးပိုင်း အမျိုးသမီး သုံးဦး မီးထဲပါကာ သေဆုံးသွားကြောင်း သိရသည်။
ထို့အပြင် ဖမ်းဆီးရမိသည့် အမျိုးသားတစ်ဦးကိုလည်း ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ စုစုပေါင်း အရပ်သားသေဆုံးသူ လေး ဦးရှိကြောင်း သတင်းများအရ သိရပြီး ဆက်လက်ဖမ်းဆီးခံထားရသူများ ရှိ၊ မရှိကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ထွက်ပြေးလွတ်မြောက်လာသူများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၄ ရက်နေ့မှစ၍ စစ်ကော်မရှင်နှင့် ဒေါ်သီတာယုမွန်ဦးဆောင်သည့် မြင်းခြံပျူစောထီးအဖွဲ့တို့ ပူးပေါင်းပြီး မြင်းခြံမြို့နယ်အရှေ့ခြမ်းတစ်ခုလုံးကို စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဗလုံရွာ မီးရှို့ခံရသည့်ဖြစ်စဉ်ကို စစ်တပ်ထောက်ခံသူများက လူမှုကွန်ရက်တွင် မျှဝေကာ အောင်ပွဲခံနေကြပြီး PDF များကိုပါ ဖမ်းဆီးသတ်ဖြတ်နိုင်ခဲ့သည်ဟု သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်။
ဓာတ်ပုံ: စစ်လော်ဘီလူမှုကွန်ရက်