
ဧရာဝတီတိုင်းမ်
(မိုးကုတ်)၊ ဩဂုတ် ၁၀ ရက်
တအာင်းပြည်နယ်၊ တပ်မဟာ (၄) နယ်မြေ၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကော်မရှင်တပ်၏ ဂျက်တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် သာမဏေတစ်ပါးနှင့် ပြည်သူလေးဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်သည်။
မိုးကုတ်မြို့အရှေ့ပိုင်းရှိ ကျောက်နဂါးဘုန်းကြီးကျောင်းကို ယမန်နေ့ ညနေ ၆ နာရီ ၅၁ မိနစ်တွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဗုံးပေါက်ကွဲမှုကြောင့် သာမဏေ တစ်ပါး၊ ကလေး နှစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား တစ်ဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့ရပြီး သံဃာတော် တစ်ပါးနှင့် အမျိုးသား တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် နေအိမ် ၅ လုံးလည်း ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ညနေပိုင်းအချိန်တွင် စစ်ကော်မရှင်တပ်သည် သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်အတွင်း ပေါင် ၂၅၀ ဗုံး သုံး လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ခုနစ် လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
TNLA ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ယခု ဩဂုတ်လ ၈ ရက်နေ့အထိ စစ်ကော်မရှင်တပ်သည် မိုးကုတ်မြို့တွင် လေကြောင်းဖြင့် ခြောက် ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေး သုံး ဦး၊ သံဃာတစ် ပါး၊ အမျိုးသမီး တစ် ဦးနှင့် အမျိုးသား ၁၆ ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ရသည်။
ထို့ပြင် ကလေး လေး ဦး၊ အမျိုးသမီး ၁၄ ဦးနှင့် အမျိုးသား ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၄၈ လုံး၊ ကား သုံး စီးနှင့် ဆိုင်ကယ် သုံး စီးလည်း ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် TNLA က စစ်ကော်မရှင်၏ ဗုံးကြဲတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်နှင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် မိဘပြည်သူများကို သတိပေးတိုက်တွန်းထားသည်။
ဓာတ်ပုံ-TNLA