ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်

၂၁ ရာစု တော်လှန်ရေးတွင် ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများကို ဂုဏ်ပြုသည့်အနေဖြင့် ထုတ်လုပ်ရောင်းချခဲ့သော “21 CM” အမှတ်တံဆိပ် တော်လှန်ရေးအထိမ်းအမှတ်နာရီမှ အမြတ်ငွေ ဘတ်ငွေ ၂.၂ သန်းကျော် (မြန်မာကျပ်ငွေ သန်း ၃၀၀ နီးပါး) ရရှိခဲ့ပြီး အဆိုပါအမြတ်ငွေများအားလုံးကို မြေပြင်တော်လှန်ရေးအဖွဲ့အစည်းများထံ ၁၀၀ ရာခိုင်နှုန်း လှူဒါန်းသွားမည်ဖြစ်ကြောင်း ထုတ်လုပ်သူ 21 CM အဖွဲ့က ယမန်နေ့ ဩဂုတ် ၉ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ရရှိခဲ့သော အမြတ်ငွေစုစုပေါင်းမှာ ဘတ်ငွေ ၂,၂၈၂,၇၇၃.၆၁ ဘတ် (နှစ်ဆယ့်နှစ်သိန်းရှစ်သောင်း နှစ်ထောင်ခုနစ်ရာခုနစ်ဆယ်သုံး ဒသမ ခြောက်တစ်ဘတ်) ဖြစ်ကြောင်း သိရသည်။

အဆိုပါအမြတ်ငွေများအားလုံးကို ၁။ Cobra Column (2) VENOM ၂။ ဧရာဝတီ ဗျူဟာ (၂၉) ၃။ ဖားဆောင်း PDF နှင့် ၄။ ထိခိုက်ဒဏ်ရာရ ရဲဘော်များအတွက် ခွဲဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထုတ်ကုန်ရောင်းချမှုမှ ရရှိသော အမြတ်ငွေများကို နောက်ထပ်ထုတ်ကုန်များအတွက် အရင်းအနှီးအဖြစ် ဖယ်ထားခြင်းမရှိဘဲ ၁၀၀ ရာခိုင်နှုန်းလုံး မြေပြင်တော်လှန်ရေးအတွက်သာ အသုံးပြုသွားမည် ဖြစ်ကြောင်း 21 CM အဖွဲ့က ဆိုသည်။ ထို့အပြင် ၎င်းတို့အဖွဲ့အနေဖြင့် အရင်းအနှီးစိုက်ထုတ်မှုအပေါ် မည်သည့်ရာခိုင်နှုန်းမျှ အကျိုးအမြတ်ယူခြင်းမရှိဘဲ နောင်ထွက်ရှိမည့် ထုတ်ကုန်များမှ ရရှိသည့် အမြတ်ငွေများကိုလည်း တော်လှန်ရေးအတွက်သာ အထောက်အပံ့ဖြစ်စေရန် ကြိုးစားသွားမည်ဟု ကတိပြုထားသည်။

အမြတ်ငွေများ ဖြန့်ဝေပြီးပါက သက်ဆိုင်ရာမြေပြင်အဖွဲ့များ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများအပါအဝင် 21 CM ၏ စာမျက်နှာမှတစ်ဆင့် အများပြည်သူသိရှိစေရန်အတွက် Certificate (ထောက်ခံချက်) များကိုပါ အသိပေးတင်ပြသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

21 CM အဖွဲ့၏ ထုတ်ကုန်သတင်းအချက်အလက်များအရ နာရီအရေအတွက် ၁၂၀၀ ရောင်းချရရှိငွေ စုစုပေါင်းမှာ ၄,၃၉၆,၆၀၇.၃၈ ဘတ် ဖြစ်ပြီး ကုန်ကျစရိတ် စုစုပေါင်းမှာ ၂,၁၁၃,၈၃၃.၇၇ ဘတ် ဖြစ်ရာ အမြတ်ငွေစုစုပေါင်းမှာ ၂,၂၈၂,၇၇၃.၆၁ ဘတ် ဖြစ်ကြောင်း အသေးစိတ်တွက်ချက်ဖော်ပြထားသည်။

“21 CM” ဟူသည့် အမည်သည် ၂၁ ရာစု တော်လှန်ရေးတွင် ကျဆုံးသွားခဲ့ကြသည့် အာဇာနည် သူရဲကောင်းများကို ဂုဏ်ပြုရည်ညွှန်းထားခြင်းဖြစ်ပြီး၊ နာရီဒီဇိုင်းတွင် တော်လှန်ရေးနေရာအသီးသီးမှ အာဇာနည်ကျောက်တိုင်လေးများကို ထည့်သွင်းဖန်တီးထားကြောင်းလည်း သိရသည်။

ဓာတ်ပုံ-21 Cm