
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဩဂုတ် ၁၀ ရက်
ကရင်နီပြည်နယ်တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Autonomy) ရှိသည့် ဘာသာရပ်စုံတက္ကသိုလ်တစ်ခု တည်ထောင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ ၂၀၂၅ ခုနှစ် ခြောက်လတာ အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။
IEC အဆင့်မြင့်ပညာရေးလက်အောက်တွင် ကရင်နီပြည် ဘာသာရပ်စုံတက္ကသိုလ်ကို လက်ရှိကရင်နီပြည်အတွင်း ဖွင့်လှစ်ထားပြီးသား အဆင့်မြင့်ကျောင်းများ၊ ပညာရေးအစုအဖွဲ့များနှင့် ပြည်တွင်းပြည်ပပညာရှင်များ၏ အင်အားဖြင့် စုစည်းတည်ထောင်သွားမည်ဖြစ်ပြီး နောင်အနာဂတ်တွင်လည်း ဘာသာရပ်အသစ်များကိုပါ ထပ်မံတိုးချဲ့သွားနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီ Comprehensive University (ဘက်စုံတက္ကသိုလ်)၊ ဘာသာရပ်ပေါင်းစုံတက္ကသိုလ်ပုံစံမျိုး စဉ်းစားနေတာရှိပါတယ်။ အကြမ်းဖျဉ်းအားဖြင့်တော့ ကျွန်တော်တို့ပြည်နယ်မှာရှိနေတဲ့ အဆင့်မြင့်ပညာရေးအောက်မှာရှိတဲ့ University ပဲပြောပြော၊ ကောလိပ်ပဲပြောပြော သုံးလေးခုနဲ့ စကားပြောထားတာရှိတယ်။ တဖြည်းဖြည်းနဲ့ စသွားဖို့ ဆောင်ရွက်ပြင်ဆင်နေတဲ့အဆင့်ရှိပါပြီ” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါကျောင်းတစ်ကျောင်းချင်းစီအတွက် IEC ပညာရေးဌာနမှ လိုအပ်သည့် စာချွန်လွှာများ ရေးထိုးပို့ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်နေပြီး ကျောင်းအလိုက် Charter (ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း) ရေးဆွဲနိုင်ရေးအတွက်လည်း ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါဘာသာရပ်စုံတက္ကသိုလ်တွင် နိုင်ငံတကာတွင် သင်ကြားနေသည့် ဘာသာရပ်များအပြင် ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ဥပဒေ၊ နည်းပညာ၊ လူမှုရေး၊ စီးပွားရေး၊ ဒေသခံရိုးရာ၊ ဓလေ့၊ ဘာသာစကားတို့ကို မြှင့်တင်ပေးမည့် ဌာနေတိုင်းရင်းသားနှင့် မျိုးနွယ်စုဆိုင်ရာဘာသာရပ်၊ သဘာဝပတ်ဝန်းကျင် စသည့် ဘာသာရပ်အမျိုးမျိုးကိုလည်း ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်သည်။
“အထူးသဖြင့် ဒီတော်လှန်ရေးကာလမှာ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် အဓိကရည်ရွယ်တာဖြစ်သလို လုပ်ငန်းခွင်မှာ တာဝန်ထမ်းဆောင်နေတဲ့ အသက်အရွယ်မရွေး လူကြီး၊ လူငယ်များအတွက် အလုပ်လုပ်ရင်း ပညာဆက်လက်ဆည်းပူးလေ့လာလိုတဲ့သူတွေအတွက်လည်း ဘဝတစ်သက်တာပညာရေး (lifelong learning) အခွင့်အလမ်းတွေကို ဖွင့်လှစ်သင်ကြားပေးနိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု IEC ပညာရေးဌာန ဌာနမှူး ဂီမော်မိမာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သင်ကြားရေးတွင် ရွေးချယ်ထားသည့် မေဂျာအပြင် အခြားမေဂျာမှ ဘာသာရပ်များကိုပါ လေ့လာသင်ကြားနိုင်ပြီး ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်ကို အသုံးပြုသွားမည်ဖြစ်သည်။ ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် တီထွင်နိုင်စွမ်းများ ရှိလာစေရန် စာတွေ့၊ လက်တွေ့၊ သုတေသနအပါအဝင် သင်ကြားနည်းအမျိုးမျိုးကို အသုံးပြုသွားရန်လည်း ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် လက်ရှိတွင် IEC အဆင့်မြင့်ပညာရေးဌာနခွဲအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံတကာပညာသင်ဆုများ လျှောက်ထားနိုင်ရန် ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သင်တန်းများဖွင့်လှစ်ခြင်း၊ အဝေးသင်တက္ကသိုလ်ကျောင်းသားများ ပညာဆက်လက်သင်ယူနိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ဓာတ်ပုံ – အင်တာနက်
ပုံစာ – ကရင်နီလူမှုသိပ္ပံကောလိပ် ဘွဲ့ယူအခမ်းအနား (ပုံဟောင်း)