
ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်
အာဏာသိမ်းစစ်ကော်မရှင်၏နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်သော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အများပြည်သူနှင့် မီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်သည့်ဥပဒေများပြဌာန်းမှုအပေါ် ကန့်ကွက်ရှုံချကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ ( IPCM) က ဩဂုတ် ၈ ရက်နေ့တွင်ထုတ်ပြန်သည်။
စစ်ကော်မရှင်သည် ဆိုင်ရာလုံခြုံရေးဥပဒေ၊ နိုင်လွတ်လုံဥပဒေ၊ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေ နှင့် လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို ပြင်ဆင်ခြင်း၊ အသစ်ပြဌာန်းခြင်းများပြုလုပ်ထားကြောင်းသိရသည်။
စစ်ကော်မရှင်၏ စိတ်တိုင်းကျရွေးကောက်ပွဲကျင်းပရန်စီစဉ်မှုသည် မြန်မာ့ဒီမိုကရေစီဖွံ့ဖြိုးရေး အတွက်အကျိုးမရှိဘဲ နိုင်ငံတော်အာဏာကိုလွှမ်းမိုးရန်နှင့် စစ်အုပ်စုသက်ဆိုးရှည်ရေးအတွက် ရည်ရွယ်နေကြောင်း ပြောဆိုထားသည်။
အဆိုပါဥပဒေများတွင် အများပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကို ပြင်းထန်စွာတားမြစ်ထားမှုကြောင့် အများပြည်သူများကိုခြိမ်းခြောက်မှုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
“အများပြည်သူကိုပိုပြီးတော့တင်းကြပ်တဲ့အခြေအနေမျိုးတွေရောက်သွားအောင် ပိုပြီးတော့ ခက်ခဲတဲ့အချိန်ရောက်သွားအောင်ဖိနှိပ်ဖို့အတွက်ပြင်ဆင်ထားတဲ့ဥပဒေလို့ခြုံငုံပြီးတော့ပြောချင်ပါတယ် “ ဟု ဝါရင့်သတင်းစာဆရာအမျိုးသားတစ်ဦးက သုံးသပ်ပြောကြားသည်။
ဥပဒေတစ်ရက်ပြဌာန်းရာ၌ အများပြည်သူများ၏အကျိုးစီးပွားကိုကာကွယ်ပေးရမည်ဖြစ်သော်လည်း စစ်ကော်မရှင်က ၎င်း၏ အာဏာစက်တည်မြဲရေးနှင့် စစ်အုပ်စု၏ အကျိုးစားပွားအတွက်အသုံးချ နေကြောင်း ၎င်းက ဆက်လက်သုံးသပ်ပြောကြားသည်။
“ ဥပဒေကိုလက်နက်တစ်ခုလိုပဲ အများပြည်ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဒစ်ဂျစ်တယ်ရပိုင်ခွင့်တို့ လူ့အခွင့်အရေးနဲ့ပတ်သက်တာတို့ အားလုံးလူတွေကိုဖိနှိပ်ဖို့အတွက် ချုပ်ကိုင်ဖို့အတွက်လုပ်ထားတဲ့ဥပဒေဖြစ်တယ်” ဟု Myanmar Internet Project အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးသစ်ဉာဏ်က သုံးသပ်ပြောဆိုသည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) သည် လွတ်လပ်သော မြန်မာသတင်းမီဒီယာဌာန ၄၀ ၊ တသီးပုဂ္ဂလ မြန်မာသတင်းသမားများ၊ မီဒီယာ ကျွမ်းကျင်သူများ၊ ဥပေဒပညာရှင်များဖြင့် စုဖွဲ့ထားသည့်တရား၀င်သတင်းမီဒီယာကောင်စီဖြစ်သည်။
ပုံစာ- စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁၊ ဖေဖော်ဝါရီ ၂၇ ရက်တွင် ရန်ကုန် လူထုဆန္ဒပြပွဲအတွင်း သတင်းယူနေသည့် သတင်းသမားများ၊ Reuters