
ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ရက်
စစ်ကော်မရှင်က စစ်ကြောင်းထိုးနေသည့်ကျောက်ဖြူနှင့် နယ်မြေလက်လွှတ်ထားရသည့် ရသေ့တောင်မြို့နယ်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ် ၈ရက်နေ့ ည ၁၁နာရီ ၃၀မိနစ်ခန့်တွင် ကျောက်ဖြူမြို့နယ် မင်းပြင်ရွာကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်ဖြူ- ရန်ကုန်လမ်းပေါ်ရှိ မင်းပြင်ကျေးရွာကို စစ်ကော်မရှင်က လေယာဉ်ဖြင့် ဗုံး နှစ်ကြိမ်ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းဆောင်များ ပျက်စီးခဲ့သည်။
”စစ်တပ်ကစစ်ကြောင်းထိုးတဲ့နေရာတချို့ပဲတိုက်ပွဲရှိတယ်။ အခုမင်းပြင်ရွာကို ဗုံးကြဲတာ AAတွေရှိလို့ဆိုပြီး စစ်တပ်ဘက်ကတော့ သတင်းလွှင့်တာပေါ့” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျောက်ဖြူရှိ မလကျွန်း၊ ပြိုင်စေ့ကေ၊ ကုလာဘာကျေးရွာအနီးတို့ကို စစ်ကော်မရှင်တပ်က ပြန်လည်စစ်ကြောင်းထိုးနေသည့်အတွက် ထိတွေ့တိုက်ပွဲအချို့ရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ဩဂုတ် ၉ရက်နေ့ နံနက်အစောပိုင်း ၂နာရီအချိန်ခန့်တွင် စစ်ကော်မရှင်က ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာကို လေကြောင်းမှ ဗုံး နှစ်ကြိမ်ကြဲချခဲ့သည်။
ထွန်းရဝေရွာကို ပြီးခဲ့သည့် မေလအတွင်းကလည်း စစ်ကော်မရှင်ကဗုံးကြဲချတိုက်ခိုက်ခဲ့သေးရာ လူအစုလိုက်အပြုံလိုက်သေဆုံးမှုများရှိခဲ့သည်။
စစ်ကော်မရှင်က ယခုရက်ပိုင်းတွင် စစ်ရေးငြိမ်သက်ပြီး ၎င်းတို့လက်လွှတ်ခဲ့ရသည့်နယ်မြေများကို လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းများကို ပိုမိုလုပ်ဆောင်လာသည်။
ဓာတ်ပုံ- APM
ပုံစာ- ကျောက်ဖြူမင်းပြင်ရွာဗုံးကြဲခံရသည့်အတွက် မြင်တွေ့ရသည့်အပျက်အစီးများ