
ဧရာဝတီတိုင်းမ်
(တနင်္သာရီ ) ၊ သြဂုတ် ၉ ရက်
တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့နယ် ၊ ရမ်းဖိုရွာတွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်ကို တော်လှန်ရေး တပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင် တပ်သား သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများရှိကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့ထံမှ သိရသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် တနင်္သာရီ မြို့နယ် ၊ရမ်းဖိုကျေးရွာ တွင်တပ်စွဲထားသော စစ်ကော်မရှင် တပ်ကို သြဂုတ် ၇ ရက်မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“ရမ်းဖိုရွာ မှာတပ်စွဲထားတဲ့ စစ်တပ်ကို ချောင်းပီးသွားပစ်တာပါ”ဟု ဗိုလ်ခရင်း တပ်ဖွဲ့ မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်နငယ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲအပြီးတွင် စစ်ကော်မရှင် ဘက်က ရမ်းဖို ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး သုံးဦးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“လက်နက်ကြီး ထိလို့ ဒေသခံပြည်သူ သုံးဦးဒဏ်ရာရတယ်။ နေအိမ် တည့်တည့်ကိုကျတယ်။ ကလေး နှစ်ဦး နဲ့ အမျိုးသမီးကြီး တစ်ဦးဒဏ်ရာရတယ်။ အမျိုးသမီးကြီးကတော့ ဒဏ်ရာပြင်းထန်တယ်။ ဦးခေါင်း နဲ့တင်ပါးမှာထိတယ်။ မြိတ်ဆေးရုံကိုပို့ထားရတယ်။ နောက်ထပ်ကလေး နှစ်ဦးကတော့ (မစိုးရိမ်ရ) ဒဏ်ရာရရှိတယ်” ဟု ရမ်းဖိုရွာ ဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ခိုက်မှုအတွင်း ၁၅ မိနစ် ခန့်အပြန်အလှန်ပစ်ခတ်ခဲ့ပြီး စစ်ကော်မရှင် တပ်သား သုံးဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရှိသူ များပြားကြောင်းသိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့ မှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပုံစာ-ဗိုလ်ခရင်းတပ်ဖွဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့် လက်နက်ကြီးကြောင့် ပျက်စီးသွားသော နေအိမ်ကိုတွေ့ရစဥ်။