
ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဩဂုတ် ၉ ရက်
ပဲခူးတိုင်း (အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ဆိပ်ရွာအနီးတွင် ပြီးခဲ့သည့် ဩဂုတ် ၇ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ပေါ်တာဆွဲရန် ကြိုးပမ်းခဲ့သည့် စစ်ကော်မရှင် တပ်သားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံမှ သိရသည်။
တိမ်မြုပ်ရွာအခြေစိုက် ခမရ-၆ တပ်ရင်းမှ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးလာသည့် အရာခံဗိုလ် လှကျော်နှင့် တပ်ကြပ်ကြီး ညီညီမိုးတို့မှာ မြေအောက်ပြောက်ကျား (အုတ်ဖို) တပ်ဖွဲ့ဝင်နှစ်ဦးကို ပြည်သူများထင်၍ ပေါ်တာဆွဲရန် ကြိုးပမ်းစဉ် PDF ရဲဘော်များက ဦးခေါင်းကို သေနတ်ဖြင့် တစ်ချက်စီ ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ရဲဘော်တွေက ကိစ္စတစ်ခုနဲ့ အဲဒီဘက်ကိုသွားတာဗျ။ အဲဒီမှာ သူတို့နှစ်ယောက်က ဆိုင်ကယ်ရပ်ခိုင်းပြီး ‘မင်းတို့ဘယ်ကလဲ ဘာညာ’ မေးတာပေါ့။ ပြီးတော့ ‘တိုင်းပြည်အတွက် စစ်မှုထမ်း ဖို့ မင်းတို့ကို လိုအပ်တယ်’ ဘာညာ ပြောတော့မှ စစ်သားမှန်းသိတာ။ အဲဒီမှာ သေနတ်နဲ့ ထုတ်ပစ်ခဲ့ တာဗျ” ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) တာဝန်ရှိသူတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေဆုံးသူ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းများကို လာရောက်ယူဆောင်သွားခဲ့ပြီး နယ်မြေရှင်းလင်းရေးအနေဖြင့် နေ့လယ်ပိုင်းတွင် တပ်ဖွဲ့ဝင် ၁၀ ဦးနီးပါး လာရောက်ကာ ခေတ္တနေထိုင်၍ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
သေဆုံးသွားသည့် အရာခံဗိုလ်နှင့် တပ်ကြပ်ကြီးထံမှ လက်ပစ်ဗုံးတစ်လုံး၊ ငွေကျပ်နှစ်သိန်း၊ စစ်မှုထမ်းကတ်တစ်ခု၊ စစ်မှုထမ်းစိစစ်ရေးစာအုပ်တစ်အုပ်၊ မှတ်ပုံတင်တစ်ခု၊ လိုင်စင်ဓာတ်ပုံများနှင့် မိုဘိုင်းဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) အနေဖြင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ဒေါက်တိုင်များကို အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ၎င်းတို့နှင့် နီးနီးကပ်ကပ် မနေရန် သတိပေးထားကြောင်းလည်း သိရသည်။
ဓာတ်ပုံ – မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)
ပုံစာ – ပစ်ခတ်ခံရပြီးနောက် သိမ်းဆည်းရမိသည့်ပစ္စည်းများ