
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဩဂုတ် ၈ ရက်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄ ) မှ ရဲဘော်များကို ဗိုလ်စော အယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သော KTLA အဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် KNLA ရဲဘော် လေး ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
KNLA ရဲဘော်များကို KTLA က ထားဝယ်မြို့နယ်၊ မေတ္တာ-ထီးခီးလမ်းပိုင်းရှိ ဆင်ဖြူတိုင်ကျေးရွာ အနီးနှင့် အခြားနေရာ ၂ ခုတွင် ဩဂုတ်လ ၆ ရက် နံနက် ၁၀ နာရီခန့်က ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ဩဂုတ် ၆ ရက်တွင် ထုတ်ပြန်သည်။
“ကျွန်တော်တို့ ရဲဘော်တွေက ဆင်ဖြူတိုင်ကနေ ဂိတ်ပြန်လာတဲ့အချိန်မှာ KTLA က ၃ နေရာမှာ စောင့်နေကြတယ်။ KNLA ရဲဘော်တွေ ပြန်တဲ့အချိန် ပထမ ဆင်ဖြူတိုင်ဘုန်းကြီးကျောင်းမှာ သူတို့ KTLA က ခြုံခိုပြီး စောင့်ပစ်တယ်။ ရဲဘော်လေးယောက် ဒဏ်ရာရတယ်။ နောက်ထပ်ဆက်သွားတော့ တစ်နေရာမှာ တိုက်ပွဲထပ်ဖြစ်တယ်” ဟု KNU တပ်မဟာ (၄)၊ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ဧရာဝတီတိုင်းမ်ကို ပြောသည်။
KTLA ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ယခင်ကလည်း KNLA ရဲဘော်များနှင့် အရာရှိများ ထိခိုက်ကျဆုံးမှု များစွာရှိခဲ့ကြောင်း ပဒိုစောအယ်နားက ဆက်လက်ပြောကြားသည်။
“KTLA အဖွဲ့တွေကတော့ သူတို့ဘက်က အစီအစဉ်ရှိရှိနဲ့ စောင့်ပစ်တာပေါ့နော်၊ ကျွန်တော်တို့ ရဲဘော်တွေ လှုပ်ရှားတဲ့နေရာမှာလေ။ ဒါပေမဲ့ ကျွန်တော်တို့အဖွဲ့ကို သူတို့ပစ်ခတ်လို့ ဒဏ်ရာရတဲ့ ရဲဘော်တွေက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ပစ်တာထက်တောင်များပါတယ်” ဟု ပဒိုစောအယ်နားက ပြောကြားသည်။
ပဒိုစောအယ်နား၏ ပြောကြားချက်အရ KTLA ၏ ပစ်ခတ်မှုကြောင့် ထိခိုက်ကျဆုံးသူများတွင် ရဲဘော်များအပြင် ဗိုလ်အဆင့်ရှိသည့် အရာရှိများလည်း ပါဝင်ကြောင်း သိရသည်။
KTLA ခေါင်းဆောင် ဗိုလ်အယ်ခွီး (ခ) ဗိုလ်ကော်လာဖိုးသည် ယခင်စစ်အစိုးရလက်ထက်က စစ်တပ်ထံ နှစ်ကြိမ်အလင်းဝင် ထားဖူးသူဖြစ် ကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။
ဓာတ်ပုံ- တပ်မဟာ ၄၊ KNLA သင်တန်းဆင်းပွဲပုံဟောင်း