
ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ ရက်
စစ်အုပ်စု၏ အာဏာတည်မြဲရေး၊ တရားဝင်မှုရရှိရေးနှင့် နိုင်ငံရေးထွက်ပေါက်ရရှိရေးအတွက် ကျင်းပရန် ကြိုးစားနေသော အယောင်ပြရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် ပူးပေါင်းပါဝင်ခြင်းမပြုရန် မွန်တော်လှန်ရေးအင်အားစု ၁၁ ဖွဲ့က အိတ်ဖွင့်ပေးစာ ထုတ်ပြန်တိုက်တွန်းလိုက်သည်။
ယနေ့ ဩဂုတ်လ ၈ ရက်နေ့သည် (၇၈) နှစ်မြောက် မွန်တော်လှန်ရေးနေ့နှင့် ၈၈၈၈ လူထုအရေး တော်ပုံကြီး (၃၇) နှစ်ပြည့်နေ့လည်းဖြစ်ရာ ယင်းနေ့ကို အမှတ်ပြု၍ တော်လှန်ရေးအင်အားစုများက အဆိုပါအိတ်ဖွင့်ပေးစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အိတ်ဖွင့်ပေးစာတွင် အကြမ်းဖက်စစ်အုပ်စုသည် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေဆဲဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း အပြစ်မဲ့ပြည်သူပေါင်း ၇,၀၃၀ ဦး သတ်ဖြတ်ခံခဲ့ရကာ ၂၉,၄၉၂ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ဖော်ပြထားသည်။
မွန်ပြည်နယ်တစ်ခုတည်း၌ပင် အရပ်သား ၁,၉၆၈ ဦး ဖမ်းဆီးခံထားရပြီး သတ်ဖြတ်ခံရသူ ၃၁၀ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၃၃ ဦးအထိ ရှိသည်ဟုလည်း ပါရှိသည်။
ထို့ကြောင့် ပြည်သူလူထု၏ ရန်သူဖြစ်သည့် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသော လုပ်ရပ်များကို အချိန်မီ ရပ်တန့်ရန် နိုင်ငံရေးပါတီများကို တိုက်တွန်းထားပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မွန်ညီညွတ်ရေးပါတီသည် စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်နေသည့်အပေါ်တွင်လည်း ထောက်ပြထားသည်။
မွန်အမျိုးသားတို့၏ ကောင်းကျိုးအတွက်ဟု ဆင်ခြေပေးကာ အယောင်ပြရွေးကောက်ပွဲတွင် အသုံးတော်ခံမည်ဆိုပါက မွန်ပြည်သူများက လက်ခံမည်မဟုတ်ကြောင်းနှင့် မွန်ပြည်သူများကို ထောက်ရှုသောအားဖြင့် ယင်းအတုအယောင်ရွေးကောက် ပွဲတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် တိုက်တွန်းထားသည်။
ထို့အပြင် စစ်အုပ်စု၏ ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲ၊ တရားဝင်ရွေးကောက်ပွဲ ဖြစ်မည်မဟုတ်ကြောင်းနှင့် အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများကလည်း အသိအမှတ် ပြုထားခြင်းမရှိကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
ပြည်သူလူထုအပေါ် ကျောခိုင်းမည့် အပြုအမူနှင့် အကြံအစည်များ မလုပ်ဆောင်ကြရန်နှင့် ပြည်သူ့ဘက်သို့ အမြန်ဆုံးကူးပြောင်းကြရန် တော်လှန်ရေးအင်အားစုများမှ ပြည်သူလူထုကိုယ်စား အလေးအနက်ထား တိုက်တွန်းကြောင်း ဆိုထားသည်။
အဆိုပါအိတ်ဖွင့်ပေးစာကို ၁။ Anti – Sham Election Committee – Mon State Federal Council ၂။ Human Rights Foundation of Monland (HURFOM) ၃။ Mi Woman & Child Rights Organization (MiO) ၄။ Mon Basic Essential Community Health Care (MBECH) ၅။ Mon Women Network – Revolutionary Force ၆။ New Rehmonnya Federated Force (NRFF) ၇။ Rehmonnya Minorities Union (RMU) ၈။ Rehmonnya Youth Zoneziyar (RYZ) ၉။ Rehmonnya Labour Union (RLU) ၁၀။ လူမျိုးစုံချီ ရာမညလွတ်မြောက်ရေးဆီ အဖွဲ့များနှင့် အမည်မဖော်လိုသည့် အဖွဲ့အစည်းတစ်ခု အပါအဝင် စုစုပေါင်း ၁၁ ဖွဲ့က ပူးပေါင်းပေးပို့ခဲ့ခြင်းဖြစ်သည်။