
ဧရာဝတီတိုင်းမ်
(တနင်္သာရီ) ၊ ဩဂုတ် ၈ ရက်
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အောက်ကင်းရွာအခြေစိုက် ခမရ-၅၅၇ တပ်ရင်းမှ စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၉) ဆင်း စစ်ကော်မရှင်တပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင် လာကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။
အဆိုပါတပ်သားသည် ဇူလိုင်လ ၃၀ ရက်နေ့က ၎င်း၏ MA-2 သေနတ် တစ်လက်၊ ကျည် ၁၈ တောင့်၊ ကျည်ဘောက်တစ်ခုတို့နှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး တနင်္သာရီမြို့နယ် ပကဖ က နွေးထွေး စွာကြိုဆိုခဲ့ကြောင်း သိရသည်။
အလင်းဝင်ရောက်လာသည့် တပ်သားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်တိုင်း၊ မြောက် ဒဂုံတွင် လမ်းလျောက်နေစဉ် ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကော်မရှင်တပ်နှင့်တွေ့၍ အဓမ္မ ဖမ်းဆီးကာ စစ်မှုထမ်းသင်တန်းသို့ ပိုဆောင်ခံရခြင်းဖြစ်သည်။
“ညဘက် လမ်းထွက်တဲ့အချိန်မှာ အဖမ်းခံရတာ။ ပြီးတော့ ရန်ကုန်၊ တိုက်ကြီး ဂျိုးဖြူတန်းမြင့် စစ်သင်တန်းကျောင်း အမှတ် (၁) မှာ စစ်သင်တန်း နှစ်လနဲ့ ဆယ်ရက် တက်ရတယ်။ အဲဒီသင်တန်း ပြီးတာနဲ့ မြိတ်ကို ပို့လိုက်တယ်။ အဲဒီကနေတစ်ဆင့် ခမရ-၅၅၇ မှာ တာဝန်ထမ်းရတယ်။ တာဝန်စထမ်း တာက ပြီးခဲ့တဲ့ မေလကပေါ့။ သုံးလပဲရှိသေးတယ် တာဝန်ထမ်းနေတာ။ တပ်ရင်းထဲက မထွက်ခင် ကတည်းက ကြိုတင်ပြီး ချိတ်ဆက်ထားတာပါ” ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အခု အလင်းဝင်လာတဲ့ တပ်သားက တော်လှန်ရေးထဲမှာပဲနေပြီး စစ်ကော်မရှင်ကို ပြန်လည်တိုက်ခိုက် သွားမယ်” ဟုလည်း ပြောကြားခဲ့ကြောင်း တာဝန်ရှိသူက ဆက်လက်ပြောသည်။
လက်နက်နှင့်အတူ အလင်းဝင်ရောက်လာသည့်အတွက် ၎င်းကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး လက်တလော ချီးမြှင့်ငွေ ကျပ် ၁၀ သိန်း ပေးအပ်ထားကြောင်းနှင့် နောက်ထပ်ချီးမြှင့်ငွေများပေးအပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ထံ တင်ပြထားကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သားများအနေဖြင့် တပ်ရင်း၊ တပ်ဖွဲ့များ၊ နီးစပ်ရာ တော်လှန်ရေးတပ်များထံ အချိန်မရွေး လာရောက်ပူးပေါင်းရန်နှင့် တနင်္သာရီတိုင်းစစ်ဌာန၏ တပ်ရင်းတပ်ဖွဲ့များထံ လက်နက်နှင့် အတူ အလင်းဝင်ရောက်လာပါက ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
ပုံစာ- လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသော အောက်ကင်းရွာအခြေစိုက် စစ်ကော်မရှင်တပ်သား