ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ ရက်

ထိုင်းနိုင်ငံရှိ BTS မိုးပျံရထားလမ်းများကို လည်ပတ်လျက်ရှိသည့် BTS Group Holdings Public Company Limited မှ နယ်စပ်ပဋိပက္ခအတွင်း ထိခိုက်နစ်နာခဲ့သည့် ထိုင်းစစ်သားများနှင့် ပြည်သူများအတွက် စုစုပေါင်း ဘတ်သန်း ၁၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

ကုမ္ပဏီသည် ယမန်နေ့ ဩဂုတ် ၇ ရက်တွင် ထိခိုက်နစ်နာခဲ့သည့် ထိုင်းစစ်သားများအတွက် ဘတ်သန်း ၅၀ လှူဒါန်းခဲ့ပြီး ပြီးခဲ့သည့် ဩဂုတ် ၆ ရက်နေ့တွင်လည်း နယ်စပ်ပဋိပက္ခအတွင်း ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူများအတွက် ဘတ်သန်း ၅၀ လှူဒါန်းခဲ့သည်။

BTS Group ဥက္ကဋ္ဌ Keeree Kanjanapas က “ကျွန်တော်တို့ ပြည်သူတွေနဲ့ နိုင်ငံအတွက် စစ်မှန်စွာပေးဆပ်ခဲ့ကြတဲ့ စစ်တပ်တစ်ခုလုံးအပေါ် ကျွန်တော်တို့ရဲ့ စိုးရိမ်မှုကို အမှန်တကယ် ပြသနိုင်တဲ့ အခွင့်အရေးရရှိခြင်းအတွက် ဝမ်းသာပါတယ်။ လူတိုင်းက စစ်တပ်ကို ဆက်လက်ပံ့ပိုးကူညီကြမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေက အားကောင်းပြီး နိုင်ငံကို ကာကွယ်နိုင်စွမ်းရှိတယ်လို့လည်း ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထိုင်းစစ်သားများအတွက် လှူဒါန်းငွေကို ထိုင်းစစ်တပ်မှတစ်ဆင့် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး နယ်စပ်စစ်ရေးလုပ်ငန်းများအတွင်း ဒဏ်ရာရရှိခဲ့သူများ၊ မသန်စွမ်းဖြစ်ခဲ့သူများ၊ သေဆုံးခဲ့သည့်စစ်သားများအတွက် အထောက်အကူပြုရန်နှင့် ၎င်းတို့၏ မိသားစုများကို ပံ့ပိုးရန် ရည်ရွယ်ထားကြောင်း သိရသည်။

ထိုင်းစစ်တပ်တာဝန်ရှိသူများကလည်း BTS Group ၏ လှူဒါန်းမှုကို ကျေးဇူးတင်ခဲ့ပြီး အလှူငွေများကို ပွင့်လင်းမြင်သာစွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရန်ပုံငွေ၏ တစ်စိတ်တစ်ပိုင်းကို စစ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုမည်ဖြစ်ကာ ကျန်ငွေများကို ထိခိုက်နစ်နာခဲ့ရသည့် စစ်သားများအတွက် သုံးစွဲမည်ဖြစ်ကြောင်းလည်း သိရသည်။

ကိုးကား – The Nation Thailand
Ref; BTS Group donates 50 million baht to support and assist Thai-Cambodian border troops