နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ ရက်

မြန်မာနိုင်ငံ၏ ပကတိအရှိတရားပေါ်တွင် အခြေခံကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရှာဖွေ ဆောင်ရွက်သွားရန်အပါအဝင် လမ်းညွှန်ချက် ၅ ရပ်ကို ချမှတ်ထားကြောင်း အာဏာသိမ်း စစ်ကော်မရှင်နှင့် ထိတွေ့ဆက်ဆံနေသည့် “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်” (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးထားသော လက်ကျန်အပစ်ရပ် အဖွဲ့များထံမှ သိရသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့၏ မဟာမိတ်အဖွဲ့ဖြစ်သည့် 7 EAO Alliance သည် ဩဂုတ် ၆ ရက်က ဦးဆောင်အဖွဲ့အစည်းအဝေးကို ကျင်းပခဲ့ရာ ယင်းလမ်းညွှန်ချက်များကို ချမှတ်ခဲ့ပြီး အကောင်အထည်ဖော်မှုအပိုင်းကို အတွင်းရေးမှူးအဖွဲ့က ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဖွဲ့၏ ပြောခွင့်ရသူထံမှ သိရသည်။

“ပကတိအရှိတရားပေါ်မှာ အခြေခံပြီး စစ်ရေးဘောင်ကျယ်နေတဲ့ ကာလတစ်ခုအောက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဘယ်လိုလမ်းစမျိုးနဲ့ ရှာလို့ရနိုင်မလဲဆိုတဲ့ ကြိုးပမ်းဆောင်ရွက်ဖို့လည်း ပါတယ်” ဟု 7 EAO Alliance ၏ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါအချက်သည် ဒုတိယမြောက်လမ်းညွှန်ချက်ဖြစ်ပြီး ပထမအချက်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းဖြင့် အဖြေရှာရန် ကိစ္စရပ်အား ဆက်လက်ကြိုးပမ်းသွားရန်ဖြစ်သည်။ ထို့အပြင်အတူတကွ ပူးပေါင်းဆောင်ရွက်ရမည့် EAO များ စုစည်းညီညွတ်မှု ပိုမိုရှိလာရေး ဆောင်ရွက် ရန်တို့လည်း ပါဝင်ကြောင်း သိရသည်။

အခြားလမ်းညွှန်ချက်များမှာ လက်ရှိနိုင်ငံ၏ အကြပ်အတည်းကို ကျော်လွှားရာတွင် မဖြစ်မနေ ပါဝင် သင့်သည့် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများနှင့် ပူးပေါင်းလုပ်ဆောင်ရေးနှင့် လာမည့် ဩဂုတ် ၁၅ ရက်တွင် ကျရောက်မည့် NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ကျင်းပနိုင်ရေး တို့ဖြစ်သည်။

“NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို (စစ်) အစိုးရနဲ့ ပူးတွဲကျင်းပနိုင်တဲ့ အစီအစဉ်မျိုးတွေကို ကြိုးပမ်းရှာကြံဆောင်ရွက်ဖို့၊ ညှိနှိုင်းဖို့ဆိုတဲ့ လမ်းညွှန်ချက် ၅ ချက်ပဲ ဖြစ်ပါတယ်” ဟု 7 EAO Alliance ၏ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်လက်ပြောသည်။

အစည်းအဝေးကို အွန်လိုင်းဖြင့် ပြုလုပ်ခဲ့ပြီး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ လုပ်ငန်း ကော်မတီများ၏ ညှိနှိုင်းရေးမှူးများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အပစ်ရပ် ၇ ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 EAO Alliance) ကို ယခင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်များဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လက နှစ်ရက်တာအစည်းအဝေး ပြုလုပ်၍ အဓိကကျောရိုး ၃ ခုဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယင်း 7 EAO Alliance တွင် ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့ ပါဝင်သည်။

စစ်ကော်မရှင်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO) နှင့် စစ်တပ်အာဏာသိမ်းမှုအပေါ် ထောက်ခံခြင်းမရှိသည့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် အဆိုပါအဖွဲ့တွင် ပါဝင်ခြင်းမရှိတော့သလို ကိုယ်စားပြု တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ကျာဆော်လမွန်နှင့် ရဲဘော်မျိုးဝင်းတို့ကိုလည်း သက်ဆိုင်ရာအဖွဲ့များက ထုတ်ပယ်ရှုတ်ချ ကန့်ကွက်ထားကြောင်း သိရသည်။

ဓာတ်ပုံ- 7 EAO Alliance