ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ ရက်

ခေတ်အဆက်ဆက် စစ်အုပ်ချုပ်မှုနှင့် တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သည့် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးသည် ယနေ့ ဩဂုတ် ၈ ရက်တွင် ၃၇ နှစ်ပြည့်မြောက်ခဲ့သည်။

ယင်းအရေး တော်ပုံ၏ စိတ်ဓာတ်အတိုင်း ဒေသတစ်ခုချင်းစီနှင့် ပြည်ထောင်စုလွတ်မြောက်ရေးအတွက် အားစိုက် ထုတ်ကြိုးပမ်းရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်သည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ပြည်သူလူထုတစ်ရပ်လုံး လိုလားသော ဒီမိုကရေစီစနစ် ပန်းတိုင် ဆီသို့ ဦးတည်သည့် အုတ်မြစ်ဖြစ်ပြီး ဒီမိုကရေစီနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက် ရေးအတွက် ယခုလက်ရှိ နွေဦးတော်လှန်ရေးကာလအထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း NUG ကဆိုသည်။

စစ်အာဏာရှင်နှင့် တစ်ပါတီအာဏာရှင်စနစ်သည် ယနေ့တိုင် မြန်မာပြည်ကို ကမ္ဘာ့အလယ်တွင် ဆင်းရဲနုံချာသော တိုင်းပြည်အဖြစ် ရောက်ရှိစေကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။ လက်ရှိ နွေဦးတော်လှန်ရေး ဆင်နွှဲနေသော မြန်မာပြည်သူလူထုသည် ဒီမိုကရေစီကို ယုံကြည်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတော်လှန်ရေးတွင် မဆုတ်မနစ် ကြိုးပမ်းရမည့် အရေးကြီးသော ကာလ တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း NUG က တိုက်တွန်းသည်။

ထို့အပြင် နိုင်ငံတကာသံရုံးများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများကလည်း ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်သူများ၊ ကျဆုံးသွားသူများ၏ ရဲစွမ်းသတ္တိကို အလေးပြု ဦးညွှတ်ကြောင်း ထုတ်ပြန်ထားကြသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် “အဆိုပါအရေး တော်ပုံတွင် ပါဝင်ခဲ့သူ လူသန်းပေါင်းများစွာသည် ၃၇ နှစ်ကြာမြင့်သည့်တိုင် ဆက်လက်၍ ရှေ့ဆောင်လမ်းပြနေပြီး ငြိမ်းချမ်း ရေးနှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ရှာဖွေနေသော မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပါသည်” ဟု ဖော်ပြထားသည်။

၁၉၈၈ ခုနှစ်၊ ဩဂုတ် ၈ ရက်နေ့တွင် ပြည်သူလူထု သိန်းပေါင်းများစွာသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ထိုစဉ်က အာဏာပိုင်များက သေဆုံးသူ ၃၅၀ ခန့်သာရှိသည်ဟုဆိုသော်လည်း သမိုင်းမှတ်တမ်းများအရ နိုင်ငံတဝန်းတွင် ဒဏ်ရာရသူ၊ ဖမ်းဆီးခံရ သူနှင့် သေဆုံးသူ သောင်းနှင့်ချီရှိနိုင်ကြောင်း သိရသည်။

ရှစ်လေးလုံးအရေးအခင်းဖြစ်ပွားပြီးနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်နေဝင်းက “နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ တပ်ကိုသုံးလို့ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ မသက်သာဘူး မှတ်ပေတော့” ဟု ဆန္ဒပြသူများအား ခြိမ်းခြောက်စကား ပြောဆိုခဲ့သည်။

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ – ၂၀၂၁ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ ဆန္ဒပြလှုပ်ရှားမှု (ပုံဟောင်း)