
ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်ရှိ ရဲအရာရှိသုံးဦးသည် လာဘ်စားမှုဖြင့် ထောင်မကျစေရန် လာဘ်ထိုးခဲ့သည်ကို အထက်အဆင့်များက သိရှိသွားသည့်အတွက် အဆင့်ဆင့် လာဘ်လိုက်ထိုးနေရကြောင်း သိရသည်။
ပုသိမ်မြို့နယ် တိုင်းရဲတပ်ဖွဲ့ ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ချစ်စမ်းမောင်၊ ခရိုင် ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် မြင့်အောင်၊ မြို့နယ်မှူး ရဲရန်အောင်တို့ သုံးဦးကို ရေနံ့သာဂိတ်မှ ရခိုင်သို့တင်ပို့သည့် ကုန်ပစ္စည်းများအတွက် လာဘ်ငွေယူမှုဖြင့် စစ်ဆေးခံခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းကစစ်ဆေးခံရပြီးနောက် ပြည်ထဲရေးကို လာဘ်ငွေပေးကာ ရာထူးတစ်ဆင့်ကျဖြင့် မူလနေရာမှမပြောင်းရွှေ့ရရေး ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”အမှုစစ်ပြီး ကာကွယ်ရေးဘက်ကလောက် အပြစ်ပေးတာမျိုးမရှိဘူး။ ရာထူးတစ်ဆင့်ချတယ်ပြောတယ်။ လာဘ်ထပ်ပေးတာ ပေါက်ကြားပြီး မီးခဲထိုင်မိနေပြီ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါဖြစ်စဉ်မှာပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ထံပေါက်ကြားသွားကာ လာဘ်စားမှူးတွင်ပါဝင်သည့် ရဲမှူး ၃ဦးကို စစ်ရေးပြင်းထန်သည့် နယ်မြေများကိုပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ကချင်၊ ကရင်နီနှင့် ရခိုင်ပြည်နယ်တို့သို့ အဆိုပါ လာဘ်ပေးလာဘ်ယူပြုလုပ်ခဲ့သည့် ရဲမှူး ၃ဦးကို ပို့ဆောင်မည်ဟု သတင်းများထွက်ပေါ်လာသည့်အတွက် မပြောင်းရွှေ့ရရေး လာဘ်ထိုးရန် အသည်းအသန်ကြိုးစားနေကြသည်ဟုဆိုသည်။
ရေနံ့သာဂိတ်မှနေ၍ ရခိုင်ပြည်နယ်သို့ စက်သုံးဆီ၊ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များကို လာဘ်ငွေယူပြီး သယ်ယူပို့ဆောင်ခဲ့မှုအတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ စစ်အရာရှိ ၁၀ဦးခန့်ကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့သည်။
ထို့နောက် တိုင်းစစ်ဦးစီးချုပ်အပါအဝင် လေးဦးကို သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ပြီး ပိုင်ဆိုင်မှုများကိုပါ စစ်ကော်မရှင်က သိမ်းယူခဲ့သည်။