
ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ စက်စက်ယိုကျေးရွာကို စစ်ကော်မရှင်တပ်က လက်လွှတ်လိုက်ရပြီး တော်လှန်ရေးပူးပေါင်းတပ်များက ထိန်းချုပ်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၅ ရက်နေ့တွင် စစ်ကော်မရှင်တပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်အမြောက်တပ်မှ လက်နက်ကြီးပစ်ကူများ ပေးခဲ့ကြောင်း သိရသည်။
“တော်လှန်ရေးအဖွဲ့တွေ စက်စက်ယိုရွာကို အလုံးစုံ ထိန်းချုပ်လိုက်ပြီလို့ သိရတယ်။ အမြောက်တပ်ကတော့ နေ့တိုင်း ရမ်းပစ်နေတုန်းပဲ” ဟု လေးမျက်နှာမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ တပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးခဲ့ပြီး စက်စက်ယို တောင်ပေါ်ကျောင်းရှိ စေတီအောက်တွင် လှိုဏ်ခေါင်းတူး၍ နေရာယူထားရာမှ ဂူပိတ်ပြီး သေဆုံးသည့် အရေအတွက်မှာ ထည့်သွင်းရေတွက်ခြင်းမရှိသေးကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရသည်။
ထို့အပြင် စစ်ကော်မရှင်၏ စနိုက်ပါ နှစ်လက်၊ RPG တစ် လက်နှင့် အခြားလက်နက်မျိုးစုံ ၄၀ ခန့်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့သည်။
ယမန်နေ့ ဩဂုတ် ၆ ရက်နှင့် ယနေ့ ဩဂုတ် ၇ ရက်တို့တွင် ရေကြည်အမြောက်တပ်မှ စက်စက်ယိုကျေးရွာပတ်ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အမြောက်ကျည်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများပေါ်သို့ ကျရောက်ပေါက်ကွဲ၍ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။
ရေကြည်နှင့် လေးမျက်နှာအစပ်ရှိ သရက်ပင်ကြီးစုရွာတွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တစ်ရွာလုံးပျက်စီးပြီး နေအိမ် ၁၀ လုံးခန့်သာ အကောင်းအတိုင်း ကျန်တော့ကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk