ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဩဂုတ် ၇ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ တောစီးဖိနပ်ရောင်းချသည့် စျေးဆိုင်များကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးကာ ဖိနပ်များကို သိမ်းဆည်းသွားကြောင်း ဒေသခံများနှင့် ဆိုင်ရှင်များထံမှ သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ဩဂုတ်လ ၅ ရက် နံနက် ၉ နာရီခန့်က ကံပေါက်စျေးအတွင်းရှိ တောစီးဖိနပ်ဆိုင်များနှင့် ရပ်ကွက်အတွင်းရှိ ဆိုင်များကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“သူတို့ (စစ်ကော်မရှင်) တပ်က ကံပေါက်စျေးထဲက တောစီးဖိနပ်ရောင်းတဲ့ ဆိုင်ရှင်တွေကို ဘာမှလည်း မမေးဘူး၊ ဘာမှလည်းမပြောဘဲနဲ့ သိမ်းသွားတယ်။ အဲဒီနေ့က စျေးထဲမှာ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်” ဟု ကံပေါက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်တပ်သည် တောစီးဖိနပ်သယ်ဆောင်ခြင်းကို ပြီးခဲ့သည့် မတ်လက စတင်ကန့်သတ်ထားခြင်းဖြစ်ပြီး ယခု ဇူလိုင်လမှစ၍ တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။

“တောစီးဖိနပ်တွေကို PDF တွေစီးတယ်လို့ စစ်တပ် (စစ်ကော်မရှင်) က အကြောင်းပြချက်ပေးပြီး ဖမ်းတာပါ။ အထက်က အမိန့်နဲ့ တောစီးဖိနပ်ရောင်းတဲ့ဆိုင်တွေကို လာဖမ်းခိုင်းလို့ လာဖမ်းတယ်ဆိုပြီး ရေတပ်က ပြောတယ်။ ပြီးတာနဲ့ ဖမ်းထားတဲ့ ဖိနပ်အားလုံးကို ကားနဲ့တင်သွားတယ်” ဟု ကံပေါက်မှ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ကံပေါက်ဒေသရှိ ကျေးရွာအများစုသည် ဥယျာဉ်ခြံစိုက်ပျိုးခြင်းနှင့် ရော်ဘာပင်စိုက်ပျိုးခြင်းကို အဓိကလုပ်ကိုင်ကြပြီး တောစီးဖိနပ်ကို ခေတ်အဆက်ဆက် အသုံးပြုနေကြသည်။ လက်ရှိတွင် တောစီးဖိနပ်ပြတ်လပ်နေသဖြင့် အခက်အခဲဖြစ်နေရကြောင်း ဒေသခံများက ဆိုသည်။

“အခုက မိုးရာသီရောက်နေပြီ။ တောခုတ်နဲ့ ရော်ဘာပင်စိုက်ပျိုးတဲ့အချိန် ရောက်နေတော့ တောစီးဖိနပ်မပါဘဲ တောထဲသွားလို့ မရဘူး။ ကံပေါက်မှာက လုံးဝ ဝယ်ဖို့မရှိဘူး။ တောစီးဖိနပ်တွေ ပြတ်ကုန်ပြီ” ဟု ဖောင်းတောရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။