ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဩဂုတ် ၇ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့လယ်တွင် နယ်ထိန်းရဲကားတစ်စီး တိုက်ခိုက်ခံရပြီး ရဲအရာရှိတစ်ဦး ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ချုပ် (CHRO) က ယနေ့ ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်သည်။

ယနေ့ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသည့်ကားကို ဟားခါးမြို့လယ်ရှိ သီတာလမ်းခွဲ၌ CDF-Hakha က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နေ့လယ် ၁၁ ခွဲလောက်က မြို့လယ်က သီတာလမ်းခွဲမှာ ပြန်လာတဲ့ နယ်ထိန်းရဲကားကို CDF-Hakha က တိုက်ခဲ့တာပါ။ အဲဒီမှာ ရဲတွေ ပြင်းထန်ဒဏ်ရာရကြပြီး ရဲစခန်းဘက်ကို အမြန်မောင်းထွက်ပြေးသွားတာ တွေ့လိုက်တယ်” ဟု ဟားခါးမြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် ရဲအရာရှိတစ်ဦးသည် ရဲစခန်းမရောက်မီ သေဆုံးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ချုပ် (CHRO) က ထုတ်ပြန်ထားသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ CDF-Hakha က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ဧရာဝတီတိုင်းမ်မှ တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းထားသော်လည်း ညနေပိုင်းအထိ ဖြေကြားခြင်းမရှိသေးပေ။

ထို့အပြင် ယနေ့နေ့လယ်တွင် ဟားခါးမြို့နေရာအနှံ့၌ လက်နက်ကြီးပစ်ခတ်သံများနှင့် လက်နက်ငယ် အပြန်အလှန်ပစ်ခတ်သံများ ကြားနေရကြောင်း သိရသည်။

“နေ့လယ်က ပေါက်ကွဲမှုအသံတွေ ကြားနေရတယ်။ ရုန်းတောင်က စစ်ကော်မရှင် ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဖြစ်ဖို့များတယ်။ မြို့ဘယ်နေရာမှာကျလဲဆိုတာ မသိရဘူး။ ပြီးတော့ သေနတ်သံတချို့လည်း ကြားနေရတယ်။ ဘယ်မှာပစ်တာလဲ မသိဘူး” ဟု ဟားခါးမြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါးမြို့တွင် စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲ နီးကပ်လာချိန်၌ စစ်ကော်မရှင်နှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့တို့ စစ်ရေးတင်းမာမှု အရှိန်မြင့်တက်လာနေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ချုပ် (CHRO) က ဆိုသည်။

ဓာတ်ပုံ-CHRO/လူမှုကွန်ရက်
ပုံစာ-ဟားခါးမြို့တွင်း တစ်နေရာကို တွေ့ရစဥ်။