ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်

နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲများနှင့် ဇာတ်ကားများ ထုတ်လွှင့်ပြသသည့် Channel Myanmar နှင့် AWS+ အက်ပလီကေးရှင်းနှစ်ခု၏ လုပ်ငန်းလိုင်စင်များကို စစ်ကော်မရှင်က ပိတ်သိမ်းလိုက်ကြောင်း သိရသည်။ ထို့အပြင် ရုပ်ရှင်အက်ပလီကေးရှင်းများတွင် ပြသမည့်အကြောင်းအရာ (content) များကို စိစစ်ရေးအဖွဲ့သို့ ကြိုတင်တင်ပြရမည်ဟုလည်း ညွှန်ကြားထားသည်။

နှစ်ပေါင်းများစွာကြာ ပြသခဲ့သော Channel Myanmar Movie Application နှင့် AWS+ Movie Application တို့တွင် စိစစ်ရေးအဖွဲ့သို့ တင်ပြထားခြင်းမရှိသည့် ရုပ်ရှင်ဇာတ်ကားများ ပြသသည် ဟုဆိုကာ လုပ်ငန်းလိုင်စင်ပိတ်ပြီး တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီးဌာနက အင်တာနက်အသုံးပြု ရုပ်ရှင်ဝန်ဆောင်မှုပေးနေသည့် အက်ပလီကေးရှင်းများအားလုံး ရုပ်ရှင်မပြသမီ စိစစ်ရေးအဖွဲ့ထံ တင်ပြပြီး ခွင့်ပြုချက်ယူရမည်ဟု ထပ်မံတင်းကျပ်လိုက်သည်။

ရုပ်ရှင်အပါအဝင် အားကစားပြိုင်ပွဲများကိုပါ ပြသသော AWS+ အက်ပလီကေးရှင်း၏ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံရသဖြင့် ညွှန်ကြားချက်နှင့်အညီ ပိတ်ထားမည်ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါရုပ်ရှင်အက်ပလီကေးရှင်းကို အသုံးပြုသူများသည် ရုပ်ရှင်ကြည့်ရန် လစဉ်ကြေးပေးဆောင်ရပြီး ယခုကဲ့သို့ အက်ပလီကေးရှင်းပိတ်သိမ်းခံရခြင်းကြောင့် သုံးစွဲသူများ နစ်နာမှုများရှိကြောင်း ရန်ကုန်မြို့ခံ တစ်ဦးက ပြောသည်။

လက်ရှိတွင် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသနေသူများ မှတ်ပုံတင်မရှိ သေးလျှင် လျှောက်ထားရယူရမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ရှိ ပြန်ကြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင် ဆိုက်ဘာလုံခြုံရေးဥပဒေကို စစ်ကော်မရှင်က အတည်ပြုထုတ်ပြန်ထားရာ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်ရှိ လူမှုမီဒီယာများ၊ ရုပ်ရှင်၊ အားကစားနှင့် ပညာရေးအက်ပလီ ကေးရှင်းများပါဝင်ပြီး အားလုံးကို ထိန်းချုပ်ထားကြောင်း Myanmar Internet Project အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးသစ်ဉာဏ်က ဆိုသည်။