ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်

ဧရာ၀တီတိုင်း၊ဟင်္သာတမြို့နယ် ၊ဓမ္ဘီတိုက်နယ် အတွင်းရှိ သဲဖြူကျေးရွာအုပ်စုတွင် လစဥ်စစ်မှုထမ်းကြေးကောက်ခံနေပြီး မပေးနိုင်ပါကပေါ်တာဆွဲပြီးစစ်တပ်သို့ပို့ဆောင်မည်ဟု အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်နေကြောင်းဒေသခံများထံမှ သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နှင့်စာရေးဖြစ်သူ ချစ်ထွေးဆိုသူတို့မှ ကျေးရွာအတွင်း အသက်၁၈ နှစ်မှ ၃၅နှစ်အတွင်းရှိသည့် နေအိမ်များကို တစ်ဦးလျှင် တစ်သိန်း ငါးသောင်းကျပ်နှင့် ၃၅နှစ်အထက်ရှိသူများ၏ နေအိမ်များကို သုံးသောင်းကျပ်လစဥ် စစ်မှုထမ်းကြေးအဖြစ် လိုက်လံကောက်ခံနေ​ကြောင်းသိရသည်။

“ပိုက်ဆံတောင်းတာမပေးရင်စစ်ထဲ ပို့ပစ်မယ်လို့ ခြိမ်းခြောက်သေးတယ်။ စစ်မှုထမ်းကအမြဲပေးရတာမဟုတ်ပဲ အမြဲငွေထည့်နေရတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ကျေးရွာအုပ်စုတွင် စစ်မှုထမ်း အပါတ်စဉ် ၁ မှ စတင်ကာ ယခု အပါတ်စဉ် ၁၆ အထိ လစဥ်တိုင်းပေးဆောင်နေရပြီး အပါတ်စဥ် ၃ တွင် ကျေးရွာအတွင်းမှ လူငယ်တစ်ဦးကို မူးယစ်ရမ်းကားသည်ဟုစွပ်စွဲကာ စစ်မှုထမ်းအဖြစ်ပို့​ဆောင်ခဲ့ပြီး ကျေးရွာအတွင်း စစ်မှုထမ်း ထောက်ပံ့ရန် ကောက်ခံခဲ့သည့် ငွေများကို အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ခွဲဝေသုံးစွဲခဲ့ကြောင်းသိရသည်။

အဆိုပါ ကျေးရွာ အုပ်စုတွင် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး ဒေသခံများအနေဖြင့် လစဥ်တိုင်းသတ်မှတ်ကောက်ခံနေသောကြောင့် အတိုးဖြင့်အကြွေးယူကာပေးနေရပြီး စား၀တ်နေရေးအခက်အခဲများကြုံတွေ့နေရသည်ဟုဆိုသည်။