
ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ ဩဂုတ် ၇ ရက်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မိုးများသဖြင့် ရုတ်တရက် ရေကြီးရေလျှံခြင်းနှင့်အတူ မြေပြိုခြင်း၊ လူပျောက်ဆုံးခြင်းနှင့် လူသေဆုံးမှုများအထိ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ရုတ်တရက် ရေကြီးရေလျှံခြင်းကြောင့် အချို့ရွာများတွင် ရွာလုံးကျွတ် မြေကျွံပြိုကျ၍ သောက်သုံး ရေများ အရေးပေါ်လိုအပ်နေပြီး အခြေအနေ ဆိုးရွားကာ ဖေးမကူညီမှုများ လိုအပ်လျက်သည်ဟု ဒေသခံများက ဆိုသည်။
သံတောင်ကြီးမြို့နယ်တွင် မိုးရာသီရောက်တိုင်း မြေပြိုမှုများ နှစ်စဉ်ဖြစ်ပွားခဲ့သော်လည်း ယခုနှစ် မြေပြိုမှုသည် အဆိုးဆုံးကြောင်း သိရသည်။
ပြီးခဲ့သည့် ရသတ္တပတ်နှစ်ပတ်ခန့်ကလည်း လိပ်သိုအောက်ပိုင်း ဇလဲရွာဘက်တွင် မြေပြိုမှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ပြိုကျသွားခဲ့သည်ဟု သိရသည်။ တောင်ပေါ်ဒေသဖြစ်သည့်အတွက် မိုးများပြီး မြေပြိုမှုများကြောင့် နှစ်စဉ် မိသားစုလိုက် သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
သံတောင်ကြီးမြို့နယ်သည် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်ရှိ တောင်ပေါ်မြို့ဖြစ်ပြီး စစ်ကော်မရှင် က အဆိုပါဒေသအား စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည်။ ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားသော ဒေသဖြစ်သည့်အတွက် ကူညီကယ်ဆယ်ရေးများ သွားလာရန် ခက်ခဲနေကြောင်းလည်း သိရသည်။
ဓာတ်ပုံ-ပေးပို့(CJ)
ပုံစာ-သံတောင်ကြီးတွင် မိုးများသဖြင့် မြေပြိုသည့် မြင်ကွင်းကိုတွေ့ရစဉ်။