ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်

နာတာရှည် ပါကင်ဆန်ရောဂါခံစားနေရပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ်ရာရှိနေကြောင်း ထုတ်ပြန် ကြေညာခံခဲ့ရသည့် စစ်ကော်မရှင်၏ ယာယီသမ္မတ ဦးမြင့်ဆွေ အသက် (၇၄) နှစ်သည် ယနေ့ ဩဂုတ် ၇ ရက် နံနက် ၈ နာရီ ၂၈ မိနစ်က အမှတ် (၂) စစ်ဆေးရုံ ခုတင် ၁၀၀၀ ၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

ဦးမြင့်ဆွေ အမှန်တကယ် ကွယ်လွန်သွားပြီဖြစ်ကြောင်းကို စစ်ကော်မရှင်လက်အောက်ခံ “စစ်အစိုးရအဖွဲ့” က ထုတ်ပြန်အတည်ပြုထားသည်။

ထုတ်ပြန်ချက်တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်” ဟု ဖော်ပြထားသည်။

ဦးမြင်ဆွေ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ ဦးမြင့်ဆွေသည် အမှတ် (၂) စစ်ဆေးရုံ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ခံယူနေရကြောင်း ပြီးခဲ့သည့် ဩဂုတ် ၅ ရက်နေ့တွင် စစ်အုပ်စုက ဖော်ပြခဲ့ပြီး ၂ ရက်အကြာ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းသည့် ပါကင်ဆန်ရောဂါကို ခံစားခဲ့ရပြီး စစ်ကော်မရှင်ဥက္ကဋ္ဌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဦးမြင့်ဆွေ၏ ကျန်းမာရေး အခြေအနေကြောင့် ယာယီသမ္မတတာဝန်ကို ယမန်နှစ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ကပင် လွှဲယူခဲ့သည်။

ဦးမြင့်ဆွေသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းယူမှုမှစတင်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဦးဆောင်မှုအောက်တွင် ယာယီသမ္မတအနေဖြင့် ရှိနေခဲ့ရပြီး အများရှေ့မှောက်တွင် ထင်ထင်ပေါ်ပေါ် တွေ့ရလေ့မရှိပေ။

သို့သော်လည်း ကျန်းမာရေးအရ တာဝန်များလွှဲအပ်ခြင်းမပြုမိအချိန်ထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရဟုဆိုကာ အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ကို ၆ လတစ်ကြိမ် သက်တမ်းတိုးရာတွင်သာ ပေါ်ထွက်လာလေ့ရှိသူဖြစ်သည်။

ဦးမြင့်ဆွေကို ၁၉၅၁ ခုနှစ် ဇွန်လ ၂၄ ရက်တွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် စစ်တက္ကသိုလ်မှ အပတ်စဉ် (၁၅) ဆင်းဖြစ်ပြီး မြန်မာ့တပ်မတော်တွင် အရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၂၀၀၁ ခုနှစ်တွင် နအဖ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) အဖွဲ့ဝင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်၏ တိုင်းမှူးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်ရာထူးဖြင့် တိုးမြှင့်ခန့်အပ်ခြင်း ခံရပြီး ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။

၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ခင်ညွန့်အား ဖယ်ရှားပြီးနောက် ဦးမြင့်ဆွေသည် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဖြစ်လာခဲ့သည်။ ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၏ အရာရှိချုပ် ဖြစ်လာခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခြင်းခံရသော ပထမဆုံး မွန်လူမျိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် စစ်ဘက်ဆိုင်ရာရာထူးမှ အနား ယူခဲ့သည်။

ဦးမြင့်ဆွေသည် စစ်အုပ်စုမှ နိုင်ငံရေးဘက်သို့ အသွင်ကူးပြောင်းလာသည့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

အရပ်သားအစိုးရ NLD လက်ထက်၂၀၁၆ ခုနှစ်၊ မတ်လတွင် စစ်တပ်က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတ (၁) ဖြစ်လာသည်။ ၂၀၁၈ ခုနှစ်တွင် သမ္မတဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီ သမ္မတတာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်အာဏာသိမ်းယူမှုဖြစ်ပွားပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အလိုကျ ယာယီသမ္မတအနေဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ရာမှ ယခုကဲ့သို့ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဦးမြင့်ဆွေ၏ ဇနီးမှာ ဒေါ်ခင်သက်ဌေးဖြစ်ပြီး သားသမီးများမှာ ခင်သက်ထားဆွေနှင့် ကျော်ဘုန်းမြင့်တို့ ဖြစ်ကြသည်။