ပုသိမ်မြို့က အစိုးရဝန်ထမ်းအများစုနေထိုင်ရာ အိမ်ရာများတွင် စစ်ကောင်စီက အပတ်စဥ် စုပေါင်းသန့်ရှင်းရေးပြုလုပ်ရန် ညွှန်ကြားထား
ညိမ်းသော် / ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ သြဂုတ်လ ၃၁ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အစိုးရဝန်ထမ်းအများစုနှင့် အငြိမ်းဝန်ထမ်းများနေထိုင်ရာ ပြည်တော်သာအိမ်ရာ၊ ပပဝတီဝန်ထမ်းအိမ်ရာ နှင့် ဥမ္မာဒန္တီ အငှားအိမ်ရာများတွင် အပတ်စဥ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်နေရကြောင်း မြို့ခံများထံမှ သိရသည်။
စစ်ကောင်စီလက်အောက်ခံ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ အဆိုပါ အိမ်ရာများတွင် နေထိုင်သူများအနေဖြင့် တစ်အိမ်လျှင်တစ်ဦး မဖြစ်မနေ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် ပါဝင်ကြရန် ပြီးခဲ့သည့်ဇွန်လကတည်းက စာထုတ်ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသညိ။
“၆လပိုင်းကတည်းက အိမ်ရှေ့တွေမှာစာတွေလိုက်ကပ်နေတာ တစ်အိမ်တစ်ယောတ် မထွက်မနေရဆိုပြီး သန့်ရှင်းရေးလုပ်ပေးနေရတယ်၊ ဝန်ထမ်းတွေဆိုတော့သိ့တဲ့အတိုင်း ဘာမှသွားပြောလို့မရဘူးလေ၊ အသံတောင်မထွက်ကြဘူး ခိုင်းကြတော့လုပ်ရတာပဲ တချို့တွေဆို အဘိုးအဘွားသက်ကြီးရွယ်အိုတွေပါ ပါတယ်။ အရင် စစ်အစိုးရလက်ထက်တုန်းကလိုကို
ပြန်လုပ်နေတာ။ တပ်ထဲမှာလို အငြိမ်မနေခိုင်းသလိုပေါ့” ဟု ပုသိမ်မြို့ခံတစ်ဥိးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယခင်က အဆိုပါ အိမ်ရာများတွင် ရေမြောင်းများဆယ်ယူခြင်းနှင့် ခြုံနွယ်မြက်ပင်များရှင်းလင်းခြင်းများကို စည်ပင်ဌာနက တာဝန်ယူလုပ်ဆောင်ပေးခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း အိမ်ရာတွင် နေထိုင်သူများကသာ စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်နေရကြောင်း သိရသည်။
” ကျွန်တော်သာဆိုမလုပ်ဘူး။ သူတို့က ငှားနေတာလေ ပိုက်ဆံပေးပြီးငှားနေတာ။ အလကားနေနေတာမဟုက်ဘူး။ ဝန်ထမ်းသမားတွေကလည်း အလကားနေတာမှမဟုက်တာ။ တချို့အိမ်တွေဆိုကြည့် ကိုယ့်အဖေအရွယ်အမေရွယ်ကြီးတွေ သူတို့ပါခိုင်းတယ်။ တချို့ကလည်းအောက်ခြေဝန်ထမ်းတွေဆိုတော့ မပြောရဲကြဘူး။ စည်ပင်အလုပ်စည်ပင်သာ ပုံမှန်လုပ်ရင်
ဒါမျိုးလုပ်စရာမလိုဘူး။ ဘာလို့လုပ်ရတာလဲမေးတော့ သွေးလွန်တုပ်ကွေးဖြစ်မှာစိုးလို့တဲ့။ အရင်ကနှစ် ၂၀ ကိုပြန်ရောက်သွားသလိုပဲ” ဟု ပုသိမ်မြို့ခံ အငြိမ်းစားဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများအနေနဲ့လည်း မြို့တွင်း အပတ်စဥ်သန့်ရှင်းရေး၊ အမှိုက်ကောက်ခြင်းများလုပ်ဆောင်နေရလို့ စိတ်ပျက်နေကြကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးထံမှ သိရသည်။
ဓာတ်ပုံ – ပုသိမ်မြို့နယ်စစ်ကောင်စီ
#ပုသိမ် #အစိုးရဝန်ထမ်း #အငြိမ်းစားဝန်ထမ်း #စုပေါင်းသန့်ရှင်းရေး #စစ်ကောင်စီ #ညွန်ကြားထား
#Ayeyarwaddy_Times