
ဧရာဝတီတိုင်းမ်
(မီဇိုရမ်)၊ ဩဂုတ် ၆ ရက်
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ခရိုင်အသီးသီးတွင် ရောက်ရှိနေကြသည့် မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်များကို ပြည်နယ်အစိုးရအာဏာပိုင်များက ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့မှစ၍ စတင်ကောက်ယူနေပြီဖြစ်ကြောင်း စစ်ဘေးရှောင်တာဝန်ရှိသူများထံမှ သိရှိရသည်။
မီဇိုရမ်ပြည်နယ်ရှိ လုံလေ၊ ကျန်ဖိုင်၊ လောင်တလိုင်၊ အိုင်ဇော်လ်၊ ဆိုင်ဟား၊ Serchhip၊ Saitual၊ Khawzawl၊ Mamit၊ Kolasib နှင့် Hnahthial စသည့် ခရိုင် ၁၁ ခုတွင် ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်နေ့မှစတင်ကာ အချက်အလက်များ ကောက်ယူနေခြင်းဖြစ်သည်။
“ကိုယ့်ရဲ့နာမည်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်၊ မိဘနာမည်၊ အလုပ်အကိုင်တွေကို ပြောပြရပါတယ်။ မီဇိုရမ်ရောက်တဲ့ နေ့ရက်၊ ဒုက္ခသည်ကတ် (ယာယီကတ်) လုပ်ထားတာတွေ ပြရတယ်။ တချို့မရှိတဲ့သူတွေက မြန်မာမှတ်ပုံတင် ပြရတယ်”ဟု ကျန်ဖိုင်ခရိုင် မြန်မာစစ်ဘေးရှောင်တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဇီဝအချက်အလက်များ ကောက်ယူရာတွင် အသက် ၂ နှစ်နှင့်အထက်ရှိသူများအားလုံးကို ကောက်ယူခြင်း ဖြစ်ပြီး နာမည်၊ အလုပ်အကိုင်၊ မိဘအမည်၊ မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြား၊ လက်ဗွေ၊ မျက်ကြည်လွှာ၊ ခန္ဓာကိုယ်အမှတ်အသားနှင့် ဓာတ်ပုံများကို ရိုက်ယူ၍ ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။
“လက်ဗွေနှိပ်ရတယ်၊ ထင်ရှားအမှတ်အသားတွေ ပြရတယ်။ ဓာတ်ပုံရိုက်ရတယ်။ အသက် ၂ နှစ်နဲ့အထက်ရှိတဲ့သူတွေအားလုံးကို ဇီဝအချက်အလက်တွေ ကောက်ယူသွားတာပါ” ဟု လုံလေခရိုင်ရှိ မြန်မာစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မီဇိုရမ်ပြည်နယ်အစိုးရသည် ၎င်းတို့ပြည်နယ်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအား လုံခြုံမှု ပေးနိုင်ရန်အတွက် ယခုကဲ့သို့ ဇီဝအချက်အလက်များ ကောက်ယူခြင်းဖြစ်ပြီး ကောက်ယူထားသည့် အချက်အလက်များကို မည်သည့်အဖွဲ့အစည်းကိုမျှ ပေးပို့မည်မဟုတ်ကြောင်း သိရသည်။
“ဇီဝအချက်အလက်ကောက်ယူရတဲ့အကြောင်း အရင်ဦးဆုံး ရှင်းပြပေးပါတယ်။ ပြည်နယ်အစိုးရက လုပ်တဲ့ စီမံကိန်းဖြစ်တယ်။ အချက်အလက်တွေကိုလည်း တခြားကို မပို့ဘူး။ မီဇိုရမ်ရောက်နေကြတဲ့ သူတွေ လုံခြုံမှုပေးဖို့အတွက် ကောက်ယူတာဖြစ်တယ်။ စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ မရှိဖို့၊ ဒီဇီဝအချက် အလက်တွေလည်း လျှို့ဝှက်ထားမှာ ဖြစ်တယ်လို့ ပြောပါတယ်” ဟု လောင်တလိုင်ခရိုင်ရှိ ထန်တလန် စစ်ဘေးရှောင်တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဇီဝအချက်အလက်များကို ယခု ဩဂုတ်လကုန် နောက်ဆုံးထား၍ ကောက်ယူမည် ဖြစ်ကြောင်းနှင့် ကျန်ဖိုင်ခရိုင်တွင် မြန်မာစစ်ဘေးရှောင် ၁၃,၅၈၆ ဦးရှိသည့်အနက် နည်းပညာပိုင်းနှင့် စက်ပစ္စည်းအချို့ အခက်အခဲများကြောင့် အနည်းအကျဉ်းသာ ကောက်ယူနိုင်သေးကြောင်း သိရသည်။
လောင်တလိုင်ခရိုင်တွင် Kannan Refugee Camp မှ စတင်ကောက်ယူခဲ့ပြီး လက်ရှိတွင့ လူဦးရေ ၁၅၂ ဦး ကောက်ယူပြီးစီးကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ၃၂၅၀၄ ဦးရှိပြီး ကျန်ဖိုင်ခရိုင်တွင်အများဆုံးနှင့် လောင်တလိုင်ခရိုင်၊ ဆိုင်ဟား ခရိုင်တို့တွင် ဒုတိယအများဆုံး နေထိုင်ကြကြောင်း မြန်မာစစ်ဘေးရှောင်တာဝန်ရှိသူများထံမှ သိရသည်။ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-အိန္ဒိယရှိ မြန်မာစစ်ဘေးရှောင်များနှင့်စစ်ဘေးရှောင်စခန်းကို တွေ့ရစဥ်။