ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်

အာဏာသိမ်း စစ်ကော်မရှင်၏ အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်း အမျိုးသမီး ၆၄ ဦးအထိ သေဆုံးခဲ့ရပြီး ၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်သည်။

သေဆုံးရသူများအနက် အများစုမှာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ၅၂ ဦးရှိခဲ့ကာ လက်နက်ကြီးထိမှန်၍ သေဆုံးသူ ၁၁ ဦးရှိခဲ့သည်။

မြေပြင်ထိုးစစ်တွင် အသာစီးမရသည့် စစ်ကော်မရှင်သည် အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်က စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁၅ ဦး သေဆုံးခဲ့သည်။စစ်ကော်မရှင်၏ သတ်ဖြတ်မှုကြောင့် အမျိုးသမီးသေဆုံးမှု အများဆုံးမှာ စစ်ကိုင်းတိုင်းမှဖြစ်ပြီး ၂၉ ဦးရှိခဲ့သည်။

မန္တလေးတိုင်းနှင့် ကရင်နီပြည်နယ်တို့မှ ကိုး ဦးစီ သေဆုံးခဲ့ရာ ဒုတိယအများဆုံးဖြစ်သည်။ သေဆုံးသူများအနက် ၁၄ ဦးမှာ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များဖြစ်ကြောင်းလည်း BWU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း စစ်တပ်၏ အကြမ်းဖက်မှုကြောင့် အမျိုးသမီး ၃၄ ဦး သေဆုံးခဲ့ပြီး အများစုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်သည်။

ထို့ပြင် အာဏာသိမ်းကာလ ၄ နှစ်ခွဲနီးပါးအတွင်း စစ်ကော်မရှင်နှင့် ၎င်းတို့လက်အောက်ခံများကြောင့် သေဆုံးသူ စုစုပေါင်း ၇၀၃၅ ဦးအထိရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ-လင်းတလူးရွာ ဘုန်ကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များကို စစ်အုပ်စုက ဇူလိုင် ၁၁ ရက်တွင် လေကြောင်းမှတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။