
ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်
သြစတြေးလျနိုင်ငံဟာ ဂျပန်နိုင်ငံရဲ့ Mitsubishi Heavy Industries မှ တည်ဆောက်တဲ့ မိုဂါမီ အတန်းအစား ဖရီးဂိတ်သင်္ဘော ၁၁ စင်းနဲ့ ရေတပ်ကို အဆင့်မြှင့်တင်မယ်လို့ ကာကွယ်ရေးဝန်ကြီး ရစ် ချတ်မာလက်စ်က ပြောပါတယ်။
ကိုယ်ပျောက်နည်းပညာပါ အဆိုပါဖရီးဂိတ်သင်္ဘောတွေ ဝယ်ယူဖို့ သြစတြေးလျနိုင်ငံဟာ လာ မယ့် ၁၀ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ပေးချေမှာဖြစ်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံရဲ့ ပမာဏအများဆုံး သင်္ဘောတင်ပို့မှု သဘောတူညီချက်တွေထဲကတစ်ခု ဖြစ်လာပါတယ်။
သြစတြေးလျနိုင်ငံဟာ စစ်တပ်အင်အား ပြန်လည်တည်ဆောက်နေပြီး တရုတ်ရန်ကိုဟန့်တားဖို့ တာဝေးပစ်လက်နက်တွေနဲ့ ရေတပ်ဖွဲ့ကို အဆင့်မြှင့်တင်နေပါတယ်။
မိုဂါမီ အတန်းအစား ဖရီးဂိတ်သင်္ဘောတွေဟာ ခေတ်မီ ကိုယ်ပျောက်နည်းပညာပါရှိပြီး လက် နက်မျိုးစုံ တပ်ဆင်ထားပါတယ်။
သြစတြေးလျရဲ့ အိုမင်းနေပြီဖြစ်တဲ့ Anzac အတန်းအစား ရေယာဉ်တွေရဲ့နေရာမှာ မိုဂါမီ အ တန်းအစား ဖရီးဂိတ်သင်္ဘောတွေနဲ့ အစားထိုးမှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ ပထမဆုံးသင်္ဘော ရေချမယ် လို့ ရစ်ချတ်မာလက်စ်က ပြောပါတယ်။
“မိုဂါမီ အတန်းအစားသင်္ဘောဟာ သြစတြေးလျအတွက် အကောင်းဆုံးဖရီးဂိတ်သင်္ဘော ဖြစ်ပါ တယ်။ မိုဂါမီ အတန်းအစား ဖရီးဂိတ်သင်္ဘောဟာ နောက်မျိုးဆက်ဖြစ်ပြီး ကိုယ်ပျောက်နည်းပညာပါရှိ ကာ တာဝေးပစ်ဒုံးကျည်တွေ ပစ်ခတ်နိုင်ပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။
တရုတ်နိုင်ငံနဲ့ ပိုင်နက်နယ်မြေ အငြင်းပွားမှုမှာ ပါဝင်တဲ့ ဂျပန်နိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန်နိုင်ငံရဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေပါတယ်။ ဂျပန်နဲ့ သြစတြေးလျ ဟာ အိန္ဒိယ၊ အမေရိကန်တို့နဲ့အတူ Quad အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ပါတယ်။
သဘောတူညီချက်ဟာ နှစ်နိုင်ငံကြား အဆင့်မြင့်နည်းပညာမှာ ယုံကြည်မှုသက်သေနဲ့ နှစ်နိုင်ငံ စစ်တပ်ကြား အပြန်အလှန်သတင်းဖလှယ်မှုရဲ့ အရေးပါမှုဖြစ်တယ်လို့ ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ယိုရှီမာဆာဟာယာရှီက ပြောပါတယ်။
ကိုးကား – AFP
Ref; Australia to buy 11 advanced warships from Japan