ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့ရှိ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များထံမှ ငွေကျပ် ၃၀,၀၀၀ တောင်းခံနေကြောင်း သိရသည်။

ကျောင်းကုန်းမြို့၊ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးကို (ခ) ပွားလေးသည် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကြောင်းပြပြီး ငွေကြေးတောင်းခံနေကြောင်း ဒေသခံများက ပြောသည်။

“ပြည်သူတွေလည်း တော်တော်ဒုက္ခရောက်နေရပါတယ်။ အမှတ် (၂) ရပ်ကွက်မှာ အိမ်တိုင်း၊ အိမ်တိုင်း လိုပဲ အုပ်ချုပ်ရေးမှူးနဲ့ မပတ်သက်တဲ့သူ မရှိသလောက်ဖြစ်နေပါပြီ။ စစ်မှုထမ်းအကြောင်းပြပြီး ငွေတောင်းတာပဲ” ဟု ကျောင်းကုန်းမြို့မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

အမှတ် (၂) ရပ်ကွက်တွင် အိမ်ခြေ ၁၆၀၀ ကျော်ရှိပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ် ၇၀၀ ဝန်းကျင်ရှိကာ စစ်မှုထမ်း အကျုံးဝင်သူတစ်ဦးစီအတွက် ငွေကျပ် ၃၀,၀၀၀ ပေးဆောင်ရပြီး စစ်မှုထမ်းမရှိသည့် အိမ်များက ကျပ် ၂၀,၀၀၀ ပေးရသည်ဟု ဒေသခံများက ဆိုသည်။

“အမှတ် (၂) ရပ်ကွက်က သူဌေးလုပ်ငန်းရှင်တွေ များတယ်။ တချို့ဆိုရင် သူတို့သားသမီးတွေ စစ်မှုထမ်း မပါရအောင် တစ်ဦးချင်း ကျပ်ငါးသိန်းကနေ ဆယ်သိန်းအထိ အုပ်ချုပ်ရေးမှူးအိမ် သွားပေးကြတယ်။ အခုတော့ အုပ်ကြီးတွေ ချမ်းသာပြီး ပြည်သူတွေက ဒုက္ခရောက်နေကြတာ” ဟု အခြားဒေသခံတစ်ဦးက ဆက်လက်ပြောကြားသည်။

ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင်လည်း စစ်မှုထမ်းငှားရမ်းခသည် သိန်းရာကျော်အထိ ပေါက်ဈေး ရှိနေပြီး အမှန်တကယ် ငှားရမ်းခံရသူများက ငွေကြေးအပြည့်အဝမရဘဲ အုပ်ချုပ်ရေးမှူးများက ဖြတ်ယူ မှုများရှိကြောင်း ဒေသခံများက ဆိုသည်။

စစ်ကော်မရှင်က ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးအများစုသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်း ပြကာ ယခင်ကထက် ပိုမိုငွေတောင်းယူလာကြပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေကြောင်း ဧရာဝတီတိုင်းရှိ ဒေသခံများက ပြောသည်။

ဓာတ်ပုံ- ဧရာဝတီတိုင်းရှိ ပြည်သူ့စစ်မှုထမ်းများ