ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဩဂုတ် ၆ ရက်

ပဲခူးတိုင်း (အနောက်ခြမ်း)၊ မင်းလှမြို့နယ်တွင် စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်ရန် စစ်တပ်က အဓမ္မဖမ်းဆီးထားသည့် အမျိုးသား ၁၉ ဦးသည် ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့က မင်းလှမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး (ထွေအုပ်) မှ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

စစ်ကော်မရှင်သည် စစ်မှုထမ်းစုဆောင်းရန်အတွက် အရပ်သားလူငယ်များကို ပုံစံမျိုးစုံဖြင့် လူသစ်စုဆောင်းနေပြီး မင်းလှမြို့ထွေအုပ်ရုံးတွင် လူငယ်များကို ဖမ်းဆီးထားစဉ် ၁၉ ဦးမှာ ထွက်ပြေးခဲ့ကြပြီး တစ်ဦးမှာ ပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်းလည်း သိရသည်။

“ထွေအုပ်ရုံးမှာက သူတို့(စစ်တပ်) စစ်မှုထမ်းဖို့ ခေါ်လာတဲ့လူတွေကို အယောက် ၄၀ ပြည့်ရင်တစ်သုတ်စီ စစ်သင်တန်းပို့တယ်။ အခုလူပြည့်အောင်စုနေတဲ့အချိန်မှာ ထွက်ပြေးကြတာ။ အစောင့်စစ်သားတွေက ရွာတွေဘက်မှာ ထပ်ပြီးလူသစ်ဖမ်းဖို့ သွားတဲ့အချိန်ပေါ့” ဟု မင်းလှအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံထားရသူများ ထွက်ပြေးမှုကြောင့် စစ်ကော်မရှင်မှ မင်းလှမြို့တွင်း မြို့ပြင် ဓာတ်ပုံများဖြင့် ရှာဖွေမှုများပြုလုပ်ခဲ့ဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံလည်း တွေ့ရှိပါက သတင်းပို့တိုင်ကြားကြရန် ပြောဆိုထားကြောင်း သိရသည်။

လက်ရှိအချိန်အထိအဆိုပါ ထွက်ပြေးသွားသူများသည် မင်းလှအပါအဝင် သာယာဝတီခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်လာခြင်းမရှိသေးသလို ၎င်းတို့၏သတင်းကိုလည်း သိရှိရခြင်း မရှိ သေးကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

အုတ်ဖိုမြို့နယ်၊ မင်းလှဆည်ပေါ်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့ကလည်း စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခံရ၍ တပ်သားသစ်ဖြစ်လာပြီးနောက် ထွက်ပြေးလာသည့် မင်းလှ နှင့် အုတ်ဖိုဒေသခံ လူငယ်နှစ်ဦးကို သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅ က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)