ဧရာဝတီတိုင်းမ်
(သရက်ချောင်း) | ဩဂုတ် ၆ ရက်

တနင်္သာရီတိုင်း ၊ သရက်ချောင်းမြို့နယ် ၊ ဝင်းဝရွာတွင် သြဂုတ် ၃ ရက် ည၁၀ နာရီခန့်တွင် စစ်ကော်မရှင်တပ်က ပစ်ခတ်သဖြင့်အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံအချို့နှင့် KNU တပ်မဟာ (၄) ထံမှသိရသည်။

ခလရ – ၄၀၃ ဝင်းဝတပ်စခန်းမှ စစ်ကော်မရှင် တပ်ဖွဲ့ဝင်နှစ်ဦးသည် လက်နက်နှင့်အတူ ထွက်ပြေး သွားသဖြင့် ဩဂုတ်လ ၃ရက် ညဦးပိုင်းတွင် ဝင်းဝတပ်စခန်းမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ကျေးရွာ အတွင်းရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေရင်း ဦးသန်းစိုး အသက် (၅၈) နှစ်ကို ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဝင်းဝ တပ်စခန်းက စစ်ကော်မရှင်တပ်သား နှစ်ဦး ညဦးပိုင်းမှာ လက်နက်တွေနဲ့ ထွက်ပြေး သွားကြတယ်။ အဲဒါ နဲ့ ည ၁၀ နာရီလောက် မှာ အိမ်ပေါ်တွေ ကိုတက်ပြီးလိုက်ရှာကြတယ်။ ပြီးတာနဲ့ ရွာသားတွေကို စစ်ဆေးတယ်။ ဖမ်းဆီးတယ်။ အဲဒီအချိန်မှာ ဘာမှ မဟုတ်ပဲနဲ့ ဦးသန်းစိုးကို ပစ်သတ်ခဲ့တာပဲ” ဟု ဝင်းဝဒေသခံတစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယင်းအပြင် ဒေသခံ အများအပြားကိုလည်း ဝင်းဝတပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ စစ်ဆေး မေးမြန်းပြီးနောက် ည ၁ နာရီ ခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သရက်ချောင်းမြို့နယ် ၊ခလရ – ၄၀၃ ဝင်းဝတပ်စခန်းမှ လက်နက် နှင့် အတူ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား နှစ်ဦး မှာ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) KNLA တပ်ရင်း (၁၂) တပ်ခွဲ (၂) ထံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အဆိုပါ တပ်ရင်းထံမှသိရသည်။