ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်

ဗိုလ်ချုပ်ကြီးရာထူးမှ အနားပေးခံခဲ့ရပြီး စစ်အုပ်စု၏ သမ္မတရုံးပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသူ ဦးတင်အောင်စန်းကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ထပ်မံ ခန့်အပ်တာဝန်ပေးလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ)က ယနေ့ ဩဂုတ် ၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါခန့်အပ်မှုသည် ယာယီသမ္မတ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ ကာလုံနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဘက်ပေါင်းစုံမှ လေ့လာ သုံးသပ်၍ အကြံပြုနိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။

ဦးတင်အောင်စန်းသည် လက်ရှိတွင် စစ်အုပ်စု သမ္မတရုံးဝန်ကြီးဌာန (၁) ၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး၊ ယခုခန့်အပ်ခံရသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းထားသည်။

🔳ဦးတင်အောင်စန်း၏ရာထူးပြောင်းလဲမှုအကျဉ်းချုပ်

ဗိုလ်ချုပ်ကြီး(ငြိမ်း)တင်အောင်စန်းကို စစ်တပ်မှ အာဏာသိမ်းယူပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့ဝင်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ယာယီသမ္မတ အဖြစ်တာဝန်ယူလိုက်သူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီး စစ်ကောင်စီတွင် ၎င်းအပါအဝင် ဒုတိယဝန်ကြီးချုပ် ၅ ဦး ရှိလာခဲ့သည်။၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃ ရက်တွင် စစ်ကောင်စီ၏ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ်မှ ကာကွယ်ရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့ခြင်းခံခဲ့ရသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် စစ်ကောင်စီ၏ ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသည်။

၂၀၂၅ ဇူလိုင် ၃၁ ရက်တွင် စစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့၌ သမ္မတရုံးဝန်ကြီးဌာန (၁) ၏ ပြည်ထောင် စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခံခဲ့ရပြီး ၎င်း၏ ဗိုလ်ချုပ်ကြီးရာထူးကို အနားပေးခြင်းခံခဲ့ရသည်။

ယခု ဩဂုတ် ၅ ရက်တွင်မူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ထပ်မံခန့်အပ်ခံခဲ့ရသည်။