
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်
မြန်မာ့စစ်ရေးတွင် တရုတ်အစိုးရပါဝင်၍ ဖိအားပေးနေမှုအပေါ် မလွန်ဆန်နိုင်သဖြင့် တွေ့ဆုံဆွေးနွေးပွဲများ သွားရောက်နေရကြောင်း တအာင်းတပ်မတော် (TNLA)၏ ပြောခွင့်ရက ယနေ့ ဩဂုတ် ၅ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ထို့အပြင် ယခုလအတွင်း စစ်ကော်မရှင်နှင့် ထပ်မံတွေ့ဆုံရန် ရှိနေသော်လည်း မည်သည့်ရက်တွင် တွေ့ဆုံမည်ကို မပြောနိုင်သေးသလို ၎င်းတို့အနေဖြင့် ပြင်ဆင်ထားကြောင်း TNLA ပြောခွင့်ရ လွေးယေဦးက သတင်းထောက်များကို ပြန်လည်ဖြေကြားသည်။
“စစ်ရေးအပေါ်မှာ လက်ရှိတရုတ်အစိုးရရဲ့ ပါဝင်မှု၊ ဖိအားကတော့ တောက်လျှောက်ရှိနေပါတယ်။ လတ်တလောမှာလည်း ဒီလိုမျိုးတိုက်ပွဲတွေ ဖော်ဆောင်ဖို့ တရုတ်အစိုးရဘက်ကနေ ဖိအားပေးတာ မျိုးတွေ ရှိပါတယ်” ဟု လွေးယေဦးက ဆိုသည်။
စစ်ရေး၌ မည်ကဲ့သို့ ပါဝင်နေသည်ကိုမူ တိတိကျကျ ဖြေဆိုသွားခြင်း မရှိသော်လည်း သတင်းများအရ စစ်ကော်မရှင်က အသုံးပြုတိုက်ခိုက်နေသော လေယာဉ်နှင့် စစ်လက်နက်ပစ္စည်း၊ နည်းပညာများကို တရုတ်က ကူညီရောင်းချနေကြောင်း သိရသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်ကို အထိနာ အရှက်ရစေသော ၁၀၂၇ စစ်ဆင်ရေးကြောင့် ထောက်ခံကူညီနေသည့် တရုတ်အစိုးရသည် ၎င်းတို့၏ အကျိုးစီးပွားများအတွက် စိုးရိမ်ပူပန်လျက်ပြီး TNLA ကို ယနေ့တိုင် ဖြတ်ငါးဖြတ် လုပ်ဆောင်ထားဆဲဖြစ်ကြောင်း သိရသည်။
တရုတ်အစိုးရ၏ “ဖြတ်ငါးဖြတ်” ဆိုသည်မှာ ရေ၊ လျှပ်စစ်၊ အင်တာနက်၊ ထောက်ပို့နှင့် လူအင်အားများကို ဖြတ်တောက်ခြင်းဖြစ်ပြီး တရုတ်-မြန်မာနယ်စပ် ဂိတ်များနှင့် ကားလမ်းကြောင်းများကိုလည်း ပိတ်ဆို့ကာ ဖိအားပေးနေကြောင်း သိရသည်။
“တကယ်လို့ တရုတ်အစိုးရက ဆွေးနွေးပွဲတွေ၊ တွေ့ဆုံပွဲတွေခေါ်ရင် တရုတ်အစိုးရဲ့ ဖိအားကို မလွန်ဆန်နိုင်လို့ ကျွန်မတို့ သွားနေတာမျိုးတွေ ရှိပါတယ်” ဟု TNLA ပြောခွင့်ရ လွေးယေဦးက သတင်းထောက်များကို ဆက်လက်ဖြေကြားသည်။
အဆိုပါပိတ်ဆို့မှုများကြောင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့နေသည့် စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ ဆေးဝါးနှင့် လောင်စာဆီ စသော ကုန်စည်များအတွက် အခက်အခဲများ ဖြစ်ပေါ်ကာ ပြည်သူများအပေါ် သက်ရောက်မှုကြီးမားခဲ့ကြောင်း သိရသည်။
တအာင်းတပ်မတော် (TNLA)သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်အပါအဝင် မြို့နယ်ပေါင်း ၁၂ မြို့နှင့် စစ်ရေး၊ စီးပွားရေးအရ အရေးပါသော တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး တပ်မဟာများ တိုးချဲ့ပြင်ဆင် စုဖွဲ့ထားကြောင်း သိရသည်။
ယင်းအနက်မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့တို့ကို စစ်ကော်မရှင်က ပြန်လည်လိုချင်သဖြင့် တရုတ်အစိုးရ အကူအညီဖြင့် တောင်းဆိုနေသလို တစ်ဖက်တွင်လည်း စစ်ရှိန်မြှင့်၍ တိုက်ခိုက်သောကြောင့် လက်ရှိတွင် နောင်ချိုမြို့ကို ပြန်လည်ရရှိထားသည်။
TNLA ကမူ ၎င်းတို့အနေဖြင့် နောင်ချိုမြို့ကို အရပ်သားများ ကာကွယ်ပေးနိုင်ရန်နှင့် ထိခိုက်ဆုံးရှုံးမှုများ မရှိရလေအောင် ပြန်လည်လက်လွှတ် ပေးလိုက်ရခြင်းဖြစ်ပြီး ထိုအရာကို သင်ခန်းစာရယူ၍ သုံးသပ်ပြင်ဆင်ထားကြောင်း TNLA ပြောခွင့်ရထံက သိရသည်။