
ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်
စစ်ကော်မရှင်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်နေသော်လည်း တစ်ချိန်တည်းမှာပင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များကို လက်နက်ချရန် ဖုန်းစာတိုများ မှတစ်ဆင့် လှုံ့ဆော်ဝါဒဖြန့်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ပြည်သူများအနေဖြင့် စစ်ကော်မရှင်၏ ယင်းလုပ်ရပ်အပေါ် စိတ်ဝေဝါးမှုမရှိစေရန် လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးက သတိပေးပြောကြားသည်။
စစ်ကော်မရှင်သည် ဇူလိုင် ၃၀ ရက်နေ့မှစ၍ ယနေ့အထိ MPT၊ ATOM၊ Mytel နှင့် Ooredoo ကဲ့သို့သော မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များမှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အပါ အဝင် လက်နက်ကိုင်အဖွဲ့အစည်းများကို လက်နက်ချရန် တိုက်တွန်းသည့် စာတိုများကို ပေးပို့နေခြင်း ဖြစ်သည်။
သို့သော်လည်း ယခုရက်ပိုင်းအတွင်းမှာပင် စစ်တပ်၏ လူနေအိမ်ရပ်ကွက်များအတွင်း ဗုံးကြဲတိုက်ခိုက်မှု များကြောင့် ကျောက်ဖြူ၊ မင်းတပ်၊ မိုးကုတ်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နောင်ချို၊ တောင်သာနှင့် ပုသိမ်ကြီးမြို့များရှိ ပြည်သူ ၁၀ ဂဏန်းနှင့်ချီ၍ သေဆုံးခဲ့ကြောင်း သိရသည်။
“တကယ်တမ်းသာ ဆန္ဒရှိမယ်ဆိုရင် ဗုံးကြဲနေတာတွေနဲ့ နိုက်ထက်စီးနင်းလုပ်နေတာတွေကို အရင်ဆုံး လျှော့ချလို့ရတာပဲ” ဟု Myanmar Internet Project (MIP) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးသစ်ဉာဏ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားကြောင်းနှင့် ရွေးကောက်ပွဲကို ပြည်သူများ လိုလားကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းကို ပြသလိုသည့် ရည်ရွယ်ချက်ဖြင့် မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီများကို အသုံးပြု၍ ဝါဒဖြန့်ချိမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း Myanmar Internet Project အဖွဲ့က သုံးသပ်သည်။
“ဒီလိုမက်ဆေ့ခ်ျတွေပို့တာက စိတ်ရင်းစေတနာနဲ့ပို့တာ မဟုတ်ပါဘူး။ ဝါဒဖြန့်ချိရေးနည်းလမ်းတွေပဲ။ အဲဒီနောက်ဆက် တွဲက အများပြည်သူရဲ့ အသိအမြင်တွေ ဝေဝါးသွားအောင်၊ ဆုံးဖြတ်ချက်တွေ လွဲမှားသွားအောင် ရည်ရွယ်ပြီးလုပ်တဲ့ အခြေအနေတစ်ခုပါပဲ။ ဘာမှယုံကြည်စရာမရှိပါဘူး” ဟု ဦးသစ်ဉာဏ်က ဆက်လက် ထောက်ပြသည်။
စစ်ကောင်စီသည် ဖုန်းလိုင်းနှင့် အင်တာနက်ဆက်သွယ်ရေးကို ကန့်သတ်ထိန်းချုပ်မှုများ ပိုမိုလုပ်ဆောင်နေပြီး ၎င်းကို စစ်ရေးလက်နက်တစ်ခုအဖြစ် အသုံးချနေခြင်းသည် ပြည်သူများ၏ သတင်းသိရှိပိုင်ခွင့်နှင့် လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း Myanmar Internet Project အဖွဲ့၏ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်