
ဧရာ၀တီတိုင်းမ်
ဩဂုတ် ၅ ရက်
စစ်အုပ်စု၏ သတင်းထုတ်ပြန်ရေးအဖွဲ့သည် ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့ ဩဂုတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့ရာ ၎င်း၏ ကျန်းမာရေး အခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာရှိနေပြီး လက်ရှိတွင် တပ်မတော်ဆေးရုံ၌ အထူးကြပ်မတ် ကုသမှုခံယူနေရကြောင်း ဖော်ပြထားသည်။
ထုတ်ပြန်ချက်အရ စစ်အုပ်စု၏ ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၃ နှစ်ဆန်းပိုင်းမှစတင်၍ လှုပ်ရှားမှုနှေးကွေးခြင်းနှင့် အစာစားနိုင်မှု အားနည်းခြင်းများကို ခံစားခဲ့ရသည်။ ကျန်းမာရေး စစ်ဆေးချက်များအရ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းသည့် ပါကင်ဆန်ရောဂါ (Parkinson’s) တို့ကို ခံစားနေရကြောင်း တွေ့ရှိခဲ့သည်။
ထို့ကြောင့် ၎င်းသည် ၂၀၂၄ ဧပြီ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ၊ Mount Elizabeth Medical Center တွင် ဆေးကုသမှုခံယူခဲ့ပြီး မေ ၂၇ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိလည်း အမှတ်(၂) စစ်ဆေးရုံ၌ ဆက်လက်ကုသမှုခံယူခဲ့ကြောင်း ဖော်ပြထားသည်။
ဆေးရုံဆင်းပြီးနောက်ပိုင်းတွင်လည်း ၎င်း၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသည့် အတွက် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ နေအိမ်တွင် ဆေးခွင့်ဖြင့် အနားယူခဲ့ရသည်။
နောက်ဆုံးအခြေအနေအနေဖြင့် ဦးမြင့်ဆွေသည် ပြီးခဲ့သည့် ၂၀၂၅ ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာမစားနိုင်ခြင်း၊ အဖျားတက်ခြင်းနှင့် ဦးနှောက်နိုးကြားမှု လျော့နည်းလာ ခြင်း တို့ကြောင့် ဇူလိုင် ၂၄ ရက်နေ့တွင် အမှတ် (၂) စစ်ဆေးရုံခုတင် (၁၀၀၀) တွင် ထပ်မံဆေးရုံ တက်ရောက်ခဲ့သည်။
လက်ရှိအခြေအနေအရ ဦးမြင့်ဆွေ၏ ကျန်းမာရေးမှာ အထူးစိုးရိမ်ဖွယ်ရာအခြေအနေသို့ ရောက်ရှိနေသည့်အတွက် အမှတ်(၂) စစ်ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် အထူးကြပ်မတ် ကုသ မှုခံယူလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကော်မရှင်ဥက္ကဋ္ဌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဦးမြင့်ဆွေ၏ ယာယီ သမ္မတတာဝန်ကို ၂၀၂၄ ဇူလိုင် ၂၂ ရက်နေ့တွင် လွှဲယူခဲ့သည်။