(အယိုက်လင်း)၊ ဧရာဝတီတိုင်းမ်
သြဂုတ် ၅ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် HBC ဘုရားကျောင်းမှ ပြန်လာကြသည့် လူငယ်များ နှင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်ကြသည့် လူငယ်အမျိုးသမီးအပါအဝင် ၄၀ နီးပါးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ် ၃ ရက်နေ့မနက် ဆောက်လုပ်ရေးဌာန ပြည်နယ်မှူးနှင့် နတလ၊ လဝက ဝန်ထမ်းအချို့ဘုန်းကြီးကျောင်းအသွားတွင် CDF-Hakha မှ ဖမ်းဆီးပြီးနောက် မွန်းလွဲပိုင်းတွင် လူငယ်များကို စစ်ကောင်စီမှ ဖမ်းဆီးခြင်းဖြစ်သည်။

“မနက်ပိုင်းမှာ ဝန်ထမ်းအချို့ဖမ်းဆီးခံရပြီး နေ့လယ်လောက်ချိန်မှာ ရဲတွေ၊ စစ်သားတွေရောက်လာပြီး ဟားခါး-ဂန့်ဂေါ ကားလမ်း ဖြတ်သန်းသွားလာသူတွေ၊ စျေးဆိုင်တွေကနေ လူငယ် ၄၀ယောက်ကို ဖမ်းဆီးသွားတယ်။အများစုက ၃၀ နှစ်အောက် အမျိုးသားတွေပါ။ အမျိုးသမီးလည်းပါတယ်။ ကျား၊မ အတိကျတော့ မသိရဘူး” ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသူများသည် ယနေ့သြဂုတ်လ ၅ရက်နေ့ထိ ပြန်မလွတ်သေးသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြောင်း သိရသည်။

ထို့အပြင် သြဂုတ်လ ၃ ရက်နေ့ညကလည်း မြို့တွင်း ပစ်ခတ်မှုဖြစ်ပြီး ဟားခါးအခြေစိုက် စစ်ကောင်စီ၏ ရုန်တောင်ဗျူဟာကုန်းမှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်ကြောင့် ပါစတာတစ်ဦး၊ ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ သြဂုတ်လ ၂ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင်လည်း ပြည်တော်သာရပ်ကွက်၊ CB ဘဏ်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါစီးနင်းလာသည့် ကားနှစ်စီး ခြုံခိုတိုက်ခိုက်ခံရကြောင်း သိရသည်။

“ဟားခါးမြို့မှာ ပစ်ခတ်မူတွေ နေ့တိုင်းလိုလိုရှိတယ်။ စစ်ကောင်စီကလည်း လက်နက်ကြီးကျည်တွေ မြို့အနီးအနား ပစ်ခတ်မူတွေပြုလုပ်နေတယ်။ ရွေးကောက်ပွဲနီးလို့ ရွေးကောက်ပွဲမကျင်းပနိုင်အောင် လုပ်ဆောင်နေတာလည်းဖြစ်မယ်။ အခုရက်ပိုင်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေ နေရာတွေ ဆက်တိုက် အတိုက်ခံရတယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါးမြို့တွင် ယခုနှစ် ရွေးကောက်ပွဲကျင်းပရန် စီစဥ်ဆောင်ရွက်နေသည့်အတွက် ယင်းရွေးကောက်ပွဲ မကျင်းပနိုင်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခြင်း၊ ဝန်ထမ်းများကို ဖမ်းဆီးခြင်းတို့ ဆောင်ရွက်နေခြင်းဖြစ်ကြောင့် ဒေသခံများကသုံးသပ်ထားသည်။

ပုံစာ-ဟားခါးမြို့တွင်း တစ်နေရာကို တွေ့ရစဥ်(ဓာတ်ပုံ-The Laimiram Times)