
ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ရက်
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကော်မရှင် လက်လွှတ်လိုက်ရသည့် မြို့နယ် ၁၄ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုများ လုပ်လာကြောင်း သိရသည်။
စစ်ကော်မရှင် လက်လွှတ်ထားရပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် တောင်ကုတ်မြို့နယ်၊ မအီမြို့ကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယမန်နေ့ ဩဂုတ်၄ရက်နေ့ နေ့လယ် တစ်နာရီ ၁၉မိနစ်နှင့် တစ်နာရီ ၂၃မိနစ်တို့တွင် မအီမြို့ ရဲစခန်းဟောင်းနေရာကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ရဲစခန်းဟောင်းခြံဝန်း အနီးတဝိုက်ကို စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဗုံးသီးများမှာ ရဲစခန်းအနီးနှင့် လမ်းမထက်ကို ကျရောက်ပေါက်ကွဲကြောင်း သိရသည်။
”ဗုံးကြဲတာအပြင် စက်သေနတ်တွေနဲ့ပါ ပစ်သွားပါတယ်။ဗုံးကလည်း မိနစ်ပိုင်းပဲခြားပြီး နှစ်ကြိမ်လာကြဲတာပါ” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်က ပြီးခဲ့သည့် ဩဂုတ် ၂ရက်နေ့ကလည်း သံတွဲမြို့ ဂျိတ္တောရပ်ကွက်ကို ပင်လယ်ပြင်အတွင်းလှည့်လည်နေသည့် စစ်သဘ်ောများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်သဘ်ောများက နှစ်ကြိမ်တိုင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ဂျိတ္တော အမှတ် ၄ရပ်ကွက်အတွင်း ထိခိုက်ပျက်စီးမှုများ ရှိကြောင်း သိရသည်။
စစ်ကော်မရှင်က ရခိုင်ပြည်နယ်ရှိ ၎င်းတို့ လက်လွှတ်ခဲ့ရသည့် မြို့နယ် ၁၄မြို့နယ်ကို အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို ပြီးခဲ့သည့် ဇူလိုင် ၃၁ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ဓါတ်ပုံ- APM
ပုံစာ- မအီကို လေကြောင်းမှတိုက်ခိုက်ထားစဥ်